Home
မြန်မာသတင်း
နှစ်နိုင်ငံ ပူးတွဲကင်းလှည့်ခြင်း ပိတ်ပွဲတက်ရန် အိန္ဒိယရေတပ်သင်္ဘော ၂ စီး ရန်ကုန်လာမည်
DVB
·
May 26, 2019
၈ ကြိမ်မြောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မှုပိတ်ပွဲ တက်ရောက်ဖို့ အိန္ဒိယရေတပ်သင်္ဘော ၂ စီးနဲ့ ရေတပ်လေယာဉ်တစီးတို့ ရန်ကုန်မြို့ကို မေ ၂၆ ရက်ကနေ ၂၈ ရက်နေအထိ လာရောက်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က ထုတ်ပြန်ကြေညာပါတယ်။ အိန္ဒိယရေတပ်သင်္ဘော ဆာယု (Saryu) နဲ့ ဘန်ဂါရမ် (Bangaram) ဟာ ရေတပ် Dornier လေယာဉ်တစီးနဲ့အတူ အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး ဒါဟာလက်ရှိဆောင်ရွက်နေတဲ့ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ချက်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မှုဟာ သက်ဆိုင်ရာ ရေကြောင်းပိုင်နက်များအတွင်းမှာ လုံခြုံရေးကို ထိန်းသိမ်းရန်နဲ့ ပင်လယ်အတွင်းဖြစ်ပေါ်နေတဲ့ တရားမဝင်ဆောင်ရွက်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လက စတင်ခဲ့တဲ့ နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မှုများကြောင့် နှစ်နိုင်ငံ ရေတပ်များအကြား နားလည်မှုနဲ့ အပြန်အလှည်ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။       အိန္ဒိယရေတပ်သင်္ဘော ဆာယု (Saryu) ကို ရေတပ်ဗိုလ်မှူးကြီး အရူတွတ် ရတ်ဟော်ကာ က ဦးဆောင်မှာဖြစ်ပါတယ်။ ဒီရေတပ်သင်္ဘော ၂ စီးဟာ ၈ ကြိမ်မြောက်ပူးတွဲကင်းလှည့်မှုကို မြန်မာရေတပ်ရဲ့ တပင်ရွှေထီး စစ်င်္ဘော (UMS King Tabin Shwe Htee)၊ အင်းလေး စစ်သင်္ဘော (UMS Inlay) တို့နဲ့အတူ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ရေတပ်သင်္ဘောတွေနဲ့အတူ နှစ်နိုင်ငံရေတပ်တွေရဲ့ လေယာဉ်တွေလည်း ဒီဆောင်ရွက်ချက်မှာ ပါဝင်အားဖြည့်ခဲ့ပါတယ်။ ရေတပ်သင်္ဘောဆာယု (Saryu) ဟာ မျိုးဆက်သစ် ကင်းလှည့်ရေယာဉ်တစီးဖြစ်ပြီး သင်္ဘောပေါ်ပါ တပ်သား ၁၂၀ ကို ရေတပ်ကွန်မန်ဒါ  ရာဟူးဂွါတန်က ဦးဆောင်ခဲ့ပါတယ်။ ရေတပ်သင်္ဘော ဘန်ဂါရမ် (Bangaram) ကတော့ တိုက်ခိုက်ရေး ရေယာဉ် အမျိုးအစားဖြစ်ကာ သင်္ဘောပေါ်ပါ တပ်သား ၃၀ ကျော်ကို လက်ဖ်တင်နင် ကွန်မန်ဒါ နီရှန့်ချန်ဒရာယန်က ဦးဆောင်ခဲ့ပါတယ်။ အိန္ဒိယရေတပ်သင်္ဘောတွေရဲ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ပူးတွဲကင်းလှည့်မှု ပိတ်ပွဲအခမ်းအနားကို တက်ရောက်တာ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊  အားကစားနဲ့လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့အပြင် စိတ်ဝင်စားဖွယ် နေရာတွေကို သွားရောက်လည်ပတ်တာတို့ ပါဝင်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024