သြစတြေးလျနှင့်နယူးဇီလန်တွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လူထောင်ချီ ဆန္ဒပြ

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ထောင်ချီတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံမှာ မေ ၂၄ ရက်က ထောင်ချီတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျုက်ဖို့ ဖန်လုံအိမ်အာနိသင်လျော့ချရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့  တောင်းဆိုခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံမှာ ဆစ်ဒနီမြို့နဲ့ မဲလ်ဘုန်းမြို့  နယူးဇီလန်နိုင်ငံမှာ ၀ယ်လင်တန်မြို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေမှာ နိုင်ငံပေါင်း ၁၁၀ ကျော်က လူငယ်အယောက် ၁ သန်းကျော် လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ “အဓိက အချက်နှစ်ချက်ကို တောင်းဆိုထားပါတယ်။ အဲဒါတွေကတော့ ကာဗွန်ထုတ်လုပ်မှု သုညအထိ လျော့ချမယ့် ဥပဒေကို အကောင်အထည်ဖော်ဖို့နဲ့ အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာပေးဖို့ပါ“ လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ လောင်စာတွေကို မီးရှို့လိုက်ရင် ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး မိုးခေါင်တာတွေ အပူလိုင်းဖြတ်တာတွေအပြင် ရေခဲမြစ်တွေ အရည်ပျော်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့ ရေကြီးရေလျှံတာ စတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲတွေ ဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ သြစတြေးလျနိုင်ငံမှာ မကြာသေးခင်က အပူဆုံး နွေရာသီအဖြစ် စံချိန်တင်ခဲ့ပါတယ်။ “အပြောင်းအလဲတခုလုပ်ဖို့ လိုတယ်လို့ ထင်တယ်။ ကျမတို့ ဘယ်လမ်းကြောင်းကို သွားနေတာလည်း တကယ်စိုးရိမ်မိတယ်။ အပြောင်းလဲတခုလုပ်ဖို့ လိုတယ်။ အဲဒါကြောင့် ဒီကနေ့ ကျမ ဒီဆန္ဒပြပွဲကို ရောက်နေတာပါ။ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကျမ တခုခုတော့ လုပ်ချင်တယ်” လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ ကမ္ဘာ့ရာသီဥတုအခြေအနေ ပြန်လည်တည်ငြိမ်ဖို့ လာမယ့် ၁၂ နှစ်အတွင်း ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချသွားမယ်လို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုတဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အဖွဲ့အစည်းတခုက ၂၀၁၈ အောက်တိုဘာလက သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up