Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင် တရားရုံးကို သပိတ်မှောက်
DVB
·
May 24, 2019
တပ်မတော်က တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီကနေ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် တရားရုံးမှာ ရုံးထုတ်ရာမှာ  လာရောက်ဝန်းရံသူတွေကို တရားရုံးထဲ ပေးမဝင်လို့ ဦးနေမျိုးဇင်က သပိတ်မှောက်ခဲ့ပါတယ်။ ဦးနေမျိးဇင်က “ကျနော့်ကိုလာပြီး ဝန်းရံတဲ့ ပြည်သူတွေကို တရားရုံးထဲ ပေးမဝင်ရင် တရားရုံးကို သပိတ်မှောက်တယ်။ တရားခွင်ထဲမဝင်ဘူး။ ကြိုက်တဲ့ပုဒ်မနဲ့ တရားစွဲလို့ရတယ်။ ပွင့်လင်းမြင်သာစွာ တရားစီရင်ပါ။ တရားရုံးဖွင့်ပေးရင်တောင် ထွက်မပြေးဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ တတိယအကြိမ်ရုံးထုတ်မှာ ဦးနေမျိုးဇင်ကို သူရှေ့နေနဲ့ မီဒီယာတွေကို တွေ့ခွင့်မပေးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လာရောက်ဝန်းရံသူတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အခုရုံးထုတ်မှာ မိသားစုဝင်တွေကိုပဲပေးဝင်ပြီး အပြင်ကလာရောက်ဝန်းရံသူတွေ ကိုတော့ အထက်ကညွှန်ကြားချက်ကြောင့် တရားရုံးထဲဝင်ခွင့်မပေးဘူးလို့ လုံခြုံ ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီနေ့ရုံးထုတ်ကို ရန်ကုန်၊ ပဲခူး၊ တိုက်ကြီးနဲ့ အဖျောက်မြို့နယ်က ပြည်သူ ၁၀၀ ကျော်လာရောက်ပြီး   “ပြည်သူကပေးတဲ့ ပြည်သူ့ သူရဲကောင်းဆု” ဆိုတဲ့ ဦးနေမျိုးဇင်ပုံ ပါတဲ့ ပိုစတာကိုင်ဆောင်ကာ လာရောက်ဝန်းရံခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ ဦးနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်လို့  ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုဗိုလ်မှူးကြီးတိုးလွင်က တရားလိုလုပ်ပြီး နိုငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(က)/(ခ) နဲ့ အမှုဖွင့် တရားစွဲထားတာပါ။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024