အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်များ ထပ်လွှတ်ဖို့မလိုဟု ထရမ့် ပြော

736
အီရန်ရဲ့ရန်ကို ကာကွယ်ဖို့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်တွေ ထပ်မံစေလွှတ်ဖို့ မလိုဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်တွေ တိုးမြှင့်တပ်ချမယ့် ပင်တဂွန်ရဲ့ အစီအစဉ်ကို ထရမ့်က အခုလို သုံးသပ်လိုက်တာပါ။
“တပ်တွေထပ်ချဖို့ လိုတယ်လို့ မထင်ဘူး။ တကယ်လိုအပ်လာရင် သေချာပေါက် တပ်တွေ စေလွှတ်သွားမှာပါ” လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ တကမ္ဘာလုံးမှာ နေရာချထားတဲ့ အမေရိကန် စစ်သားအရေအတွက်ကို လျော့ချဖို့ ကြိုးစားနေတာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်းဒေသမှာ ရှိတဲ့ အမေရိကန်တပ်တွေကို ကာကွယ်ပေးဖို့ နည်းလမ်းတခုအနေနဲ့ တပ်တွေ တိုးမြှင့်စေလွှတ်ဖို့ သုံးသပ်ခဲ့တယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။
ကမ္ဘာ့ဈေးကွက်ထဲမှာ အီရန်ရဲ့ ရေနံရောင်းချမှုကို ပိတ်ပင်ဖို့ အမေရိကန်က အရေးယူ ဒဏ်ခတ်လိုက်ပြီးတဲ့နောက် မကြာသေးခင် သီတင်းပတ်တွေက နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
အီရန်အနေနဲ့ အမေရိကန်နဲ့ အမေရိကန် မဟာမိတ်တွေကို ဆန့်ကျင်ဖို့ အကြံအစည်တွေ ရှိနိုင်တယ်လို့ ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရက သတိပေးထားပါတယ်။ အီရန်ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။
ပင်တဂွန်ဟာ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်စစ်သား ငါးထောင်ခန့်စေလွှတ်မယ့် အဆိုကို စဉ်းစားနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပေမယ့် တခြားမီဒီယာတွေက တသောင်းအထိ စေလွှတ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။