
ကျန်းမာရေးကဏ္ဍအတွက် ကူညီပေးရန် မဟာမိတ်နိုင်ငံများကို ဗင်နီဇွဲလားသမ္မတ တောင်းဆို

Email This Story :
အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အခက်အခဲ ရင်ဆိုင်နေရတာကို ကူညီဖို့ သမ္မတ နီကိုလပ်စ် မာဒူရို ဦးဆောင်တဲ့ ဗင်နီဇွဲလား အစိုးရက မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ကျူးဘား၊ တရုတ်နဲ့ ရုရှားကို မေလ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးကျဆင်းပြီး နိုင်ငံရေး ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေ ကတည်းက စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။
ဒါဟာ သမ္မတ မာဒူရို ဦးဆောင်တဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ စီမံခန့်ခွဲမှု အမှားတွေကြောင့်လို့ အတိုက်အခံတွေက အပြစ်တင်ခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ မာဒူရိုကတော့ ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့်လို့ ပြောခဲ့ပါတယ်။
ဗင်နီဇွဲလားအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် အင်္ဂလန်ဘဏ်မှာ ရှိတဲ့ အပေါင်ထားထားတဲ့ ရွှေတွေ အပါအဝင် ယူရို ၅ ဘီလီယံတန်ဖိုးရှိတဲ့ ဗင်နီဇွဲလားရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံခဲ့ရတယ်လို့ ဂျနီဗာမြို့မှာလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညီလာခံမှာ ကျန်းမာရေးဝန်ကြီး ကားလို့စ် အယ်လ်ဗာရုဒိုက ပြောပါတယ်။
အဲဒါကြောင့် ၆ နှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ ဗင်နီဇွဲလားကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် တခြား အကူအညီပေးရေး အဖွဲ့တွေက ကူညီပေးနေကြပြီး ရုရှားကလည်း ဆေးဝါးပစ္စည်းတွေ အပါအဝင် အလေးချိန် တန်နှစ်သောင်းခြောက်ထောင်ကျော် ရှိတဲ့ အကူအညီတွေ မတ်လက ထောက်ပံ့ပေးခဲ့ပါတယ်။
နိုင်ငံတွင်း အဲဒီအကျပ်အတည်းတွေကြောင့် ၂၀၁၅ ခုနှစ်ကတည်းက ဗင်နီဇွဲလားနိုင်ငံသား ၃ ဒသမ ၇ သန်းဟာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံ တော်တော်များများက ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် အသိအမှတ် ပြုထားကြပါတယ်။