အထက်မင်းလှတွင် ဆီဘောက်ဆာ ၂ စီး မီးလောင်
DVB
·
May 23, 2019
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကုန်းကြီးဆီခြံကုန်းမှာ မေ ၂၂ ရက် မွန်းလွဲပိုင်းက ဆီဘောက်ဆာကား ၂ စီး ရေနံစိမ်းလှယ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မင်းလှမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးအောင်က “ကုန်းကြီးဆီခြံကုန်းရှိ ကိုသက်ပိုင်တဲ့ဆီခြံမှာ ပေပါထဲက ရေနံစိမ်းတွေကို ပိုက်နဲ့ ဆီကန်အတွင်းကို လှယ်ရာ ဆီပိုက်သံကောက်နဲ့ သံကန်ပွတ်တိုက်ရာကနေ မီးလောင်မှုဖြစ်ပွားတာပါ။ မီးလောင် ကျွမ်းရာနေရာကို မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးမှ မီးသတ်ရေသယ်ယာဉ် သုံးစီးနဲ့ သွားရောက်ငြိမ်းသတ်ပေးခဲ့တာပါ” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ၂၂ ဘီးအဖြူရောင်တွဲကာ ခေါင်းခြမ်း တန်ဖိုး ကျပ်သိန်း ၂၈၀ လောက်နဲ့ ၁၂ ဘီးအဖြူရောင် ဘောက်ဆာ အနောက်ဘက်ခြမ်းတာယာ ၉ လုံး တန်ဖိုး သိန်း၂၀ ကျပ်လောက်၊စုစုပေါင်း ကျပ်သိန်း သုံးရာနဲ့ သုံးသောင်းဖိုး မီးလောင် ဆုံးရှုံးခဲ့တယ်လို သိရပါတယ်။
မင်းလှမြို့မရဲစခန်းက ကိုသက် (ခ) ကိုဘိုသက်ကို မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး