Home
မြန်မာသတင်း
နယ်ခြားစောင့်တပ် ဦးထုပ် ၁ လုံးနှင့်အတူ ကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Aung Ko Latt
·
May 22, 2019
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ မေလ ၂၁ ရက် ညနေပိုင်းက ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ရဲ့ ပြောက်ကျားဦးထုပ်တလုံးနဲ့အတူ ပီနံအိတ်ထဲ ထည့်ထားတဲ့ ကျပ်သိန်းပေါင်း ၆၀၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ပင်လည်ဘူးမြို့မှာ မူးယစ်ဆေးဝါး သယ်ဆောင်မယ်ဆိုတဲ့ ကြိုတင်သတင်းအရ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စောင့်ဆိုင်းနေစဉ် HARRIER အမျိုးအစား ယာဉ်တစီးဟာ ရပ်တန့်မပေးဘဲ ဖောင်းပြင်-ပင်လည်ဘူး ကားလမ်းအတိုင်း ဖောင်းပြင်ဘက်ကို မောင်းထွက်ပြေးခဲ့တာပါ။ ဒါကြောင့် ဖောင်းပြင်ရဲစခန်းနဲ့ ချိတ်ဆက်စောင့်ဆိုင်းနေစဉ် ရဲဝတ်စုံမြင်ပြီး ကားက နောက်ကြောင်းပြန်လှည့် ထွက်ပြေးတဲ့အတွက် ပင်လည်ဘူးအဖွဲ့၊ ဖောင်းပြင်အဖွဲ့ ပေါင်းပြီး လိုက်လံစစ်ဆေးရှာဖွေရာ ဗျူဟာလမ်းနဲ့ တမိုင်လောက်အကွာ တောလမ်းမှာ ကားကို တွေ့ရှိခဲ့တာပါ။ မိုးသောက်ကြယ် မူးယစ်တားအဖွဲ့ခေါင်းဆောင် ဦးခင်ဇော်ဝင်းက “ကားကိုတွေ့တော့ ခဏစောင့်ကြည့်သေးတယ်။ မထူးတော့ ကားနားသွားရှာတာ။ ကားထဲမှာ ဘာမှမရှိတော့ဘူး။ ကားဒက်ရှ်ဘုတ်ပေါ်မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဦးထုပ်တွေ့တယ်။ ဘေးပတ်ဝန်းကျင်ကို လှည့်ရှာတော့ ပီနံအိတ်ထုပ် ၅ ထုပ်ကို တနေရာစီတွေ့တယ်။ ဖွင့်စစ်တော့ ဘိန်းဖြူတွေ တွေ့တာပါ။ ကားပေါ်တော့ လူဘယ်နှစ်ယောက်ပါတယ် ဘာညာတော့ မဖမ်းမိတဲ့အတွက် မသိရဘူးပေါ့” လို့ ပြောပါတယ်။ ပီနံအိတ် ၅ အိတ်အထဲက ရောင်စုံဆပ်ပြာခွက် ၆၆၀ ခွက်အတွင်း အလေးချိန် ၅၉၄၀ ဂရမ်၊ ကာလတန်ဖိုး ၅၄၉၀ သိန်းရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ “ကသာခရိုင်မှာ ပင်လည်ဘူးက မူးယစ်ဆေး အဓိက သိုလှောင်ဖြန့်ဖြူးတဲ့ နေရာလို ဖြစ်လာတယ်။ ရှမ်းပြည်ဘက်ကလာတာ၊ ကချင်ပြည်နယ်ဘက်က လာတာတွေက ပင်လည်ဘူးမှာ စုရပ်လိုဖြစ်နေတယ်။ ပြီးခဲ့တဲ့ လွတ်ငြိမ်းမှာဆို အရင်ဖမ်းမိတဲ့ ၅၀ ရာခိုင်နှုန်းလောက်က ပြန်လွတ်လာတယ်။ အဲဒါတွေက အကုန်ပြန်လုပ်နေကြတာပဲ” လို့ ဦးခင်ဇော်ဝင်းက ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ မိုးသောက်ကြယ် ပါဝင်ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးအမှု ၁၀၀ ကျော်ရှိခဲ့ပြီး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့် ၂ ကြိမ်မှာ ထက်ဝက်လောက် ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့အတူ နယ်ခြားစောင့်တပ်ဦးထုပ် တွေ့တဲ့အပေါ်မှာလည်း နယ်ခြားစောင့်တပ်က ပါဝင်ပတ်သက်မှု ရှိမရှိဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အခုဖမ်းဆီးရမိတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖောင်းပြင်မြို့မစခန်း ရဲတပ်ဖွဲ့ကတော့ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်။ အခုဖမ်းဆီးရမိတာက ပင်လည်ဘူး၊ ဖောင်းပြင်မြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ပမာဏ အများဆုံး ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024