Homeမြန်မာသတင်း
ပညာရေးစနစ် မှန်ကန်ပါက အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ပညာရေးစနစ် မှန်ကန်ပါက အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
May 22, 2019
ပညာရေးစနစ် ကောင်းမွန်မှန်ကန်ရင် တခြားနိုင်ငံတွေကို ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မေ ၂၁ ရက်က ပျဉ်းမနားမြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြား ပို့ချနေတဲ့ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် သင်တန်းကို သွားရောက်ကြည့်ရှုရင်း ပြောခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ အဓိကက ပညာရေးစနစ်ဖြစ်ပါတယ်၊ ပညာရေးစနစ် မှန်ကန်ရင် အခြားနိုင်ငံများကို ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို အခြားနိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူတွေထက် တမူထူးပြီး တော်စေချင်ပါတယ်။ ကျောင်းစာသာမက စာရိတ္တပိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာ တော်စေချင်ပါတယ်။ နိုင်ငံသားတွေ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက် ဆောင်ရွက်ရာမှာ တော်စေချင်ပါတယ်။ မိမိတို့ လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ဖို့၊ တိုးတက်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ကလေးငယ်တွေကို မွေးထုတ်ချင်ပါတယ်။”
ပညာရေးဝန်ကြီးဌာနက တနိုင်ငံလုံးမှာ သင်ရိုးသစ် Grade-3 နဲ့ အလယ်တန်းအဆင့် သင်ရိုးသစ် Grade-6 တို့ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင် သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။
အရင် သင်ရိုးဟောင်းမှာ သင်ရိုးဘာသာဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်တို့ကို သင်ရိုးအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွေကို တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးခဲ့တာပါ။
အခုသင်ရိုးသစ်မှာတော့ ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွေကိုပါ သင်ရိုးအဖြစ် သတ်မှတ်သင်ကြားနေတာ ဖြစ်ပါတယ်။
အခုသင်တန်းတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းအုပ်တွေကို သင်ရိုးသစ်တွေအပြင် ခေါင်းဆောင်မှု အတတ်ပညာကိုလည်း ထည့်သွင်း သင်ကြားပေးနေပါတယ်။