သွေးပျက်ထိတ်လန့်ဖွယ် မြင်ကွင်းများနှင့် ရှုစားရမည့် ဟောလိဝုဒ်ရုပ်ရှင် – BrightBurn (နမူနာ)

ထူးထူးခြားခြား Superhero Horror Sci-Fi အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ BrightBurn ရုပ်ရှင်ကို လာမယ့် မေလ ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Sony Pictures ကနေ ဖြန့်ချိလိုက်တဲ့ ဒီကားကိုတော့ ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ David Yarovesky က ရိုက်ကူး ပုံဖော်ပေးထားတာပါ။ ဒီကားထဲမှာတော့ တခြားကမ္ဘာက ရောက်ရှိလာတဲ့ ထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်တဲ့ ကလေးတယောက် အကြောင်း ရှုစားကြရမှာ ဖြစ်ပါတယ်။ Tori နဲ့ Kyle တို့ စုံတွဲဟာ လယ်တောအိမ်လေးတလုံးမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ သူတို့ဟာ ကလေးလိုချင်ကြတဲ့အတွက် အကြိမ်ကြိမ်ကြိုးစားကြပေမယ့် ဘယ်လိုမှ မရဘဲ ဖြစ်နေချိန်မှာ ထူးဆန်းတဲ့ အဖြစ်တခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူတို့အိမ်အနီးကို ပေါက်ကွဲသံကြီးတခုနဲ့ တခြားဂြိုဟ်ကမ္ဘာတခုခုက ဖြစ်ပုံရတဲ့ ကလေးငယ် Brandon ရောက်ရှိလာခဲ့တာပါပဲ။ Brandon ဟာ မိသားစုနဲ့ ဒီလိုပဲ ဖြတ်သန်းနေရင်း တဖြည်းဖြည်း ကြီးပြင်းလာချိန်မှာတော့ သူ့ဆီမှာ ထူးဆန်းတဲ့ အပြုအမူတွေ တွေ့လာရတယ်။ အဲဒီနောက်မှာ မိဘတွေက သူဘယ်လိုလူလဲ ဆိုတာကို သံသယဝင်လာခဲ့ပြီး သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Elizabeth Banks၊ David Denman နဲ့ ကလေးသရုပ်ဆောင် Jackson A. Dunn တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၇ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up