Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ မေးခွန်းများ ကယားပြည်နယ်အစိုးရ ပယ်ချ
DVB
·
May 21, 2019
ကယားပြည်နယ်အစိုးရရဲ့ ၃ နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လာမယ့် မေလ ၂၈ ရက်မှာ ပြည်နယ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိနေပြီး ဒေသတွင်း အခြေစိုက်တဲ့ သတင်းထောက်တွေကို တဦး မေးခွန်း ၃ ခုစီ ကြိုတင်ပေးပို့ဖို့ ပြည်နယ် ပြန်ကြားရေးဌာနက အကြောင်းကြားခဲ့ပါတယ်။ ဒီလို မေးခွန်းတွေ ကြိုတင်ပေးပို့ရာမှာ လက်ရှိ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ပြဿနာနဲ့ ပတ်သက်ပြီး သတင်းဌာနတချို့က မေးခွန်း ကြိုတင်ပေးပို့ခဲ့ပေမယ့် ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ရှိသူတွေက မေးခွန်းတွေကို ပယ်ချခဲ့ပြီး အသစ်ပြန်မေးဖို့ အကြောင်းကြားခဲ့ပါတယ်။ မေးခွန်းပယ်ချခံရတဲ့ အလဲဗင်းမီဒီယာရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက် မခိုင်က “ကြေးရုပ်နဲ့ပတ်သက်ရင် အစိုးရက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။ အလားတူ မေးခွန်းပယ်ချခံရတဲ့ ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာနရဲ့ ရုပ်သံသတင်းထောက် မော်ဦးမြာကလည်း သူ့အနေနဲ့ ဝန်ကြီးချုပ်နဲ့ မေးမြန်းခွင့်ရဖို့ ခွင့်တောင်းတာ တပတ်အကြာမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုပြီး မေးခွန်းတွေကြိုပို့ဖို့ အကြောင်းကြားခဲ့ကြောင်း ပြောပါတယ်။ မေးခွန်းတွေ ကြိုပို့ခဲ့ပေမယ့် ကြေးရုပ်ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းကို ပယ်ကြောင်း ညွှန်မှူးက ခေါ်တွေ့ပြီး ပြောဆိုခဲ့တယ်လို့ သတင်းထောက် မော်ဦးမြာက ပြောပါတယ်။ “သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုတာက ပွင့်ပွင့်လင်းလင်း မေးလို့ရမယ့် နေရာလို့ပဲ မြင်တယ်ပေါ့။ အမှန်တော့ မေးခွန်းတွေတောင် ကြိုပို့ဖို့မလိုဘူးလို့ ယူဆတယ်။ ဒါပေမယ့် သူတို့ လမ်းကြောင်းအရ ကိုယ်က သွားပေးတယ်။ အများကြီးလည်း ပယ်တယ်ဆိုတော့ သူတို့ဖြေချင်၊ ပြောချင်တဲ့ဟာပဲ လုပ်မယ်ဆိုရင် သူတို့မှာ ပြန်ကြားရေးတွေ ရှိတယ်ပေါ့။ အခုက မေးခွန်းတွေ ပယ်လိုက်တယ်၊ ကိုယ်ရွေးတဲ့မေးခွန်းကလည်း တခါတလေ မဖြေပေးတာတွေလည်းရှိတော့ ဘာဖြစ်လို့ လုပ်နေသေးတာလဲပေါ့။ သူတို့အတွက် အချိန်ကုန် အလုပ်ရှုပ်တာပဲ ရှိမှာပေါ့။ သူများပြည်နယ်တွေမှာ ဒီလိုလုပ်လား မလုပ်လားတော့ ကိုယ်လည်းမသိဘူးလေ။” ကယားပြည်နယ်အစိုးရရဲ့ ၃ နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေလ ၂၈ ရက်နေ့ ပြည်နယ်အစိုးရရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိနေတာပါ။ ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်တုထားရှိမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဒေသခံ တိုင်းရင်းသားတွေအကြား အပြန်အလှန် ယုံကြည်မှုတွေ ပျက်ပြားနေပြီး အစိုးရဘက်ကလည်း ရုပ်တုကန့်ကွက်တဲ့ ကရင်နီလူငယ်တွေကို တရားစွဲဆိုမှုတွေ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024