Home
မြန်မာသတင်း
ချောက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း ၂၈၀၀ ကျော် သုံးစွဲမည်
DVB
·
May 21, 2019
ချောက်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ချောက် လမ်းရွာရေနံမြေကနေ လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းတွေအတွက် အခုနှစ်​အတွင်း ငွေကျပ်သိန်း ၂၈၇၀ သုံးစွဲဖို့ ထောက်ပံ့ပေးထား​ပါတယ်​။ ချောက်လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးကိုကိုသက်က “ဒီနှစ် ဘဏ္ဍာရေးနှစ် အတွက် CSR လုပ်ငန်း စုစုပေါင်း ၃၄ မျိုးက ပညာရေးကဏ္ဍ ၆ မျိုး၊ ကျန်းမာရေးကဏ္ဍ ၁ မျိုး၊ လူမှုအထောက်အကူပြုကဏ္ဍ ၂၅ မျိုး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ၂ မျိုးတို့ကို ဆောင်ရွက်ဖို့ ငွေကျပ်သိန်း ၂၈၇၀ ဒသမ ၅၃ သုံးစွဲပြီး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ” လို့​ ပြောပါတယ်​။ ပညာရေးကဏ္ဍ လုပ်ငန်း ၆ မျိုးမှာ ကျေးရွာ ၅ ရွာနဲ့ ရပ်ကွက်တခုမှာ ကျောင်းမျက်နှာကြက် တပ်ဆင်တာ၊ ကျောင်းဝန်းခြံစည်းရိုး ပြုလုပ်တာ၊ ကျောင်းမြေထိန်းနံရံ ပြုလုပ်တာ၊ စာသင်ဆောင် အခန်းပြုပြင်တာ၊ စာသင်ခုံ ၂၃ လုံးနဲ့ ကျောင်းဆောင်ပြုပြင်ပေးတာတွေ ပါဝင်ပါတယ်။ လူမှုရေး အထောက်အကူပြု လုပ်ငန်း ၂၄ မျိုးထဲမှာတော့ ​ကျေးရွာမီးလင်း​ရေးလုပ်​ငန်း၊ ကွန်​ကရစ်​လမ်းခင်းတဲ့ လုပ်ငန်းနဲ့ မြို့​ပေါ်ရပ်​ကွက်​ ၄ ခုမှာ ရေ​မြောင်းတွေ တူး​ဖော်​ပြင်​ဆင်​တဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။ ကျန်းမာရေးကဏ္ဍအတွက်လည်း ချောက်ရေနံဆေးရုံမှာ ငွေကျပ်သိန်း ၉၀၀ တန် လူနာတင်ယာဉ်တစီး လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ၂ မျိုးအတွက် ​ရွှေပုံ​တောင်​ ဘုရားအနီး သစ်​ပင်​စိုက်​ပျိုး​နေ​တဲ့ အပူပိုင်း​ဒေသ စိမ်းလန်းစိုပြည်ရေး သစ်​ပင်​စိုက်​ပျိုးတာနဲ့ ​သစ်​ပင်​​ရေ​လောင်းဖို့ 50hp ​ရေပန့်​တပ်​ဆင်​တာ၊ ​ရေလိုင်းတွေ သွယ်​တန်းတာအတွက်​ ငွေကျပ်သိန်း ၁၅၀ သုံးစွဲထားတယ်​လို့ ချောက်လမ်းရွာရေနံမြေက သိရပါတယ်​။ သတင်း - ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024