Home
မြန်မာသတင်း
ဂျပန်နိုင်ငံထံမှ ယန်းငွေ ၈၀ ဘီလီယံကျော် ချေးယူရန် လွှတ်တော်အတည်ပြု
DVB
·
May 20, 2019
နှစ်ပေါင်း ၁၃၀ ကျော်ကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မိလ္လာပြွန်စနစ်ပြုပြင်ဖို့ကိစ္စ သုံးစွဲဖို့အပါအ၀င်  ချေးငွေ ယန်း ၈၀ ဘီလီယံကျော် ဂျပန်နိုင်ငံထံမှ ချေးယူဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ကနေ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံချေးယူခွင့်ပြုဖို့ အစိုးရက လွှတ်တော်မှာ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ချေးငွေနဲ့ပတ်သက်ပြီး ဆောက်ရွက်မယ့် စီမံကိန်းတစ်ခု ချင်းစီအလိုက် အသေးစိတ် လေ့လာတွေ့ရှိချက် အစီရင်ခံစာတင်သွင်းပြီး ခွင့်ပြုသင့်တယ်လို့ မှတ်ချက်ပြုခဲ့တဲ့အတွက် မဲခွဲ ဆုံးဖြတ်တာမှာ ထောက်ခံမဲများတဲ့အတွက် အခုလို အတည်ပြုလိုက်တာပါ။ ရန်ကုန်မြို့ရဲ့ လက်ရှိ မိလ္လာစနစ်ဟာ နှစ်ပေါင်း ၁၃၁ နှစ်ကြာပြီဖြစ်လို့ ပိုက်လိုင်းတွေ ကွဲတာ၊ ယိုစိမ့်တာ၊ ပိတ်ဆို့တာတွေကြောင့် ရေဆိုးသယ်ဆောင်တာမှာ စွမ်းအားကျဆင်းနေတာ၊ လေဖိအားနဲ့ မောင်းတဲ့ စနစ်ဖြစ်လို့ လေမှုတ်စက်ရုံက လေ ထုတ်နိုင်စွမ်းကျဆင်းနေတာ၊ မိလ္လာတွန်းစက်အိုးတွေ လုပ်နိုင်စွမ်း ကျဆင်းလာပြီး စနစ်တစ်ခုလုံး ပြုပြင်ဖို့ လိုအပ်လို့ အခုလို ချေးငွေနဲ့ ဆောင်ရွက်ရတာလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် မိလ္လာပြွန်စနစ်စီမံကိန်းအတွက် ချေးငွေကို ရေဆိုးစွန့်ပစ်ခကောက်ပြီး ပြန်ဆပ်ဖို့ ကောက်ခံမယ့် နှုန်းထားသတ်မှတ်ရေးကို သုံးသပ်ဆောင်ရွက်သွားမယ်လို့လည်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ "ရေဆိုးစွန့်ပစ်ခကောက်ခံဖို့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ ဗီယက်နမ်စတဲ့ အာဆီယံနိုင်ငံတွေ၊ ဂျပန်နိုင်ငံတို့နဲ့ နှိုင်းယှဉ်တွက်ချက်ပြီး ဒီမံကိန်းဧရိယာ ၇ မြို့နယ်အပေါ်မှာ နှုန်းထားသတ်မှတ်ကောက်ခံဖို့ကိစ္စ၊ မြို့တော်စည်ပင် ဧရိယာ ၃၃ မြို့နယ်စလုံးပေါ်မှာ နှုန်းထားသတ်မှတ်ကောက်ခံဖို့ကိစ္စတွေကို ဆက်လက်သုံး သပ်ဆောင်ရွက်သွား မှာဖြစ်ပါ တယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ချေးငွေပေးဆပ်ဖို့ တာဝန်တွေကို မျှတအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ် " ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုးစီမံကိန်းမှာ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနဲ့ မြောက် ဥက္ကလာပမြို့နယ်တွေမှာ ရေကြီး ရေလျှံမှုလျော့နည်းစေရန်၊ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန်နဲ့ မြို့တွင်းလမ်းတွေနဲ့ Heritage Area တွေမှာ သာယာလှပရေးတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါအပြင် မြို့ပြဧရိယာ ဓါတ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၆ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၅ မြို့နယ်တို့မှာ ဓါတ်အားခွဲရုံတွေနဲ့  ဓါတ်အားလိုင်းတွေ အဆင့်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ချေးငွေနဲ့ စီမံကိန်းအလိုက် သုံးစွဲသွားမယ့် ပမာဏတွေကတော့ ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်းတွက်ယန်း ၄၅ ဒသမ ၉၀၀ ဘီလီယံ၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအ တွက် ယန်း ၂၄ ဒသမ ၀၈၅ ဘီလီယံနဲ့ မြို့ပြဧရိယာဓါတ်အား ဖြန့်ဖြူး မှုတိုးတက်ကောင်းမွန်ရေး စီမံကိန်းအတွက် ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံ ဖြစ်ပါတယ်။ ချေးငွေရဲ့သက်တမ်းမှာ ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအ၀င် နှစ် ၄၀၊ အတိုးနှုန်း တစ်နှစ်ကို သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024