ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့ကို ဒေါ်နယ်ထရမ့် တွေ့ဆုံမည်

ဓာတ်ပုံ - EPA-EFE
748
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုသီတင်းပတ်နှောင်းပိုင်း ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့ကို ပထမဆုံး တွေ့ဆုံသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ထရမ့်ဟာ မေလ ၂၅ ရက်နေ့ကစပြီး ဂျပန်နိုင်ငံကို လေးရက်ကြာ ခရီးစဉ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။
မေလ ၁ ရက်နေ့က ထီးနန်းလွှဲပြောင်းရယူခဲ့တဲ့ ဂျပန်ဧကရာဇ်သစ် နာရူဟီတိုနဲ့ တွေ့ဆုံမှုက ထရမ့် ဂျပန်ခရီးစဉ်ရဲ့ အဓိက အရေးပါတဲ့ အကြောင်းအရာတခုပါ။
ထရမ့်ရဲ့ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ စစ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ပျံ့နှံ့နေပါတယ်။
ဧကရာဇ် နာရူဟီတိုက နိုင်ငံရေးတွေမှာ ဝင်ပါလေ့မရှိဘူး။ အဲဒါကြောင့် ဒါဟာ အရဲစွန့်ရာတော့ ရောက်တယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မယ့် ကုန်သွယ်ရေးစစ်ပွဲ အစချီနိုင်တဲ့ အကြောင်းတွေ ထရမ့်က ပြောလာမှာကိုတော့ စိုးရိမ်မိတယ်လို့ တိုကျိုမြို့လယ်ခေါင်က ဧကရာဇ်နန်းတော်ကို လာရောက်လည်ပတ်တဲ့ အသက် ၆၈ နှစ်အရွယ် ဂျွန်ကိုတာကီဟာရှီက ပြောပါတယ်။
ထရမ့်ရဲ့ ဂျပန်နိုင်ငံ ဒုတိယခရီးစဉ်အတွင်း သမ္မတကတော် မယ်လန်နီယာ ထရမ့်လည်း လိုက်ပါလာမှာပါ။
ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ တွေ့ဆုံဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို ဖိတ်ခေါ်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
လေးရက်ကြာ ခရီးစဉ်အတွင်း ထရမ့်နဲ့ ရှင်ဇိုအာဘေးတို့ဟာ အမေရိကန်-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်ရေးကနေ မြောက်ကိုရီးယားကိစ္စအထိ ဆွေးနွေးသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။