Home
မြန်မာသတင်း
မြောက်ဦးတွင် ပညာရေးဝန်ထမ်းတဦး လက်နက်ကြီး ကျည်စထိမှန်
DVB
·
May 18, 2019
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ပညာရေးဝန်ထမ်းတဦး မေ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်က သင်တန်းတက်ပြီး အိမ်အပြန်လမ်းမှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသွားသူဟာ မြောက်ဦးမြို့နယ် ဗိုလ်ဈေးကျေးရွာက မူလတန်းပြ ဆရာ ဦးမိုးဝင်းဖြစ်ပြီး မြောက်ဦးမြို့ပေါ် အမှတ် (၂)အထက်တန်းကျောင်းမှာ G-3 သင်တန်းတက်ပြီး ဇနီးဖြစ်သူအပါအဝင် တခြားဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ကိုယ်စီစီးပြီး ရွာကိုအပြန် ဘောင်းဒွတ်ကျေးရွာအနီးမှာ ကျည်စ ထိမှန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ကျောင်းဆရာ ဦးမိုးဝင်းမှာ ညာဘက်ရင်အုံပေါ်မှာ ဒဏ်ရာရခဲ့တဲ့အတွက် လောင်းကြက်ဆေးရုံကို သွားပြီးဆေးကုသခဲ့ရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ပညာရေးဌာနကတော့ သူ့ရဲ့ဒဏ်ရာအပေါ်မှာ မူတည်ပြီး လိုအပ်သလို ကူညီထောက်ပံ့ပေးမှုတွေ ဆာင်ရွက်သွားမယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်သန်းမြင့်က "သင်တန်းမတက်နိုင်ရင် ခေတ္တနားမယ်။ ဒဏ်ရာ မများဘဲနဲ့ တက်နိုင်ရင်တော့ တက်ရမှာပေါ့။ ဖြစ်စဉ်ကို ဆရာကြီးတို့တင်ပြပြီးတော့ ထိခိုက်ဒဏ်ရာရရင် ပညာရေးက ထောက်ပံ့တာရှိတယ် ထူးခြားဖြစ်စဉ်မှာ" လို့ ပြောပါတယ်။ မနေ့က လက်နက်ကြီး ကျည်ကျပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်တာ မရှိပေမယ့် ဘယ်လို ဖြစ်ပြီး လက်နက်ကျည်ကျတယ်ဆိုတာကို မပြောနိုင်ကြပါဘူး။ တိုက်ပွဲဖြစ်လို့ပဲဖြစ်ဖြစ်၊ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်တာပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး ပြည်သူတွေကို ရှောင်ရှားလုပ်ဆောင်ဖို့လိုကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အခုလို တိုက်တွန်း ပြောဆိုပါတယ်။ "နှစ်ဖက်တိုက်ပွဲဖြစ်တာပဲ ဖြစ်ဖြစ်၊ နယ်မြေရှင်းလင်းရေးလုပ်လို့ပဲဖြစ်ဖြစ် အထူးသဖြင့် ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ပြည်သူတွေကို ရှောင်ရှားပြီး လုပ်ကြပါလို့ပဲ တိုက်တွန်းချင်တယ်။" ဒဏ်ရာအခြေအနေအသေးစိတ်ကို သိနိုင်ဖို့ မိသားစုဝင်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင့်တပ်မတော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်လို့ ကျောက်တော်မြို့နယ်က ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို ဆိုင်ကယ်ကယ်ရီမောင်းလာတဲ့ အမျိုးသားတဦးမှာလည်း ကျည်ထိမှန် သေဆုံးသွားပါတယ်။ ရခိုင့်တပ်မတော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်လို့ အရပ်သား ၃ သောင်းကျော် စစ်ဘေးရှောင်နေရသလို မိုင်းထိသေဆုံးတာ၊ ကျည်ထိမှန်တာ၊ ဖမ်းဆီးခံရတာတွေလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024