သီပေါမင်း အရိုးတော် မြန်မာပြည် ပြန်သယ်ဦးမည် မဟုတ်ဟုဆို
DVB
·
November 8, 2012
နယ်ချဲ့ ဗြိတိသျှတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး အိန္ဒိယနိုင်ငံမှာ နတ်ရွာစံသွားတဲ့ မြန်မာ ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းနဲ့ မိဖုရားတွေရဲ့ အရိုးတွေကို မြန်မာပြည် ပြန်လည် သယ်ဆောင်ဖို့ လုပ်ကိုင်ဦးမှာ မဟုတ်သေးဘူးလို့ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ထုတ်ဖော်ပြောဆိုပါတယ်။
မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၁၂ ယောက်က တက်တက်ကြွကြွ ဆွေးနွေး ထောက်ခံခဲ့ကြပေမယ့် ၀န်ကြီးက လက်မခံခြင်း၊ အဆိုရှင် လက်ရှိ ယဉ်ကျေးမှု ဒု - ၀န်ကြီး ဖြစ်နေသူ ဦးသန်းဆွေကလည်း မှတ်တမ်းတင်ထားရန် လက်ခံခြင်း စတာတွေကြောင့် မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်ကတော့ ဒီအဆိုကို လက်ခံလိုက်ရင် အခြား ပဒေသရာဇ် အနွယ်တွေကပါ အလားတူတောင်းဆိုမှုတွေ ရှိလာနိုင်တယ်။ မြန်မာပြည်သူတွေဟာလည်း ပဒေသရာဇ်စနစ်နဲ့ ဝေးကွာနေတာ ကြာခဲ့ပြီဖြစ်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ အဆိုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။