Home
မြန်မာသတင်း
ကယားပြည်နယ်အစိုးရရုံးနှင့် ကြေးရုပ်ရှိရာပန်းခြံတွင် လုံခြုံရေးတင်းကြပ်ထား
နော်နိုရင်း
·
May 17, 2019
လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရရုံးနဲ့  ဗိုလ်ချုပ် ကြေးရုပ်တုရှိရာ ကန္တဟေ၀န် ပန်းခြံကို ဒီကနေ့ မနက်ကစပြီး ရဲတပ်ဖွဲ့ အင်အားအလုံးအရင်းနဲ့ လုံခြုံရေး တင်းကြပ် ချထားလိုက်ပါတယ်။ လုံခြုံရေးအခြေအနေအရ အခုလို ဆောင်ရွက်တာဖြစ်တယ်လို့  လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ဖွဲဝင်တွေက ပြောပါတယ်။ ကယားပြည်နယ်အတွင်း မေလ ၁၄ ရက်နေ့ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး နယ်မြေလုံခြုံရေး၊ ရုံးလုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားဖို့နဲ့ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားပါက အချိန်နှင့်တပြေးညီတင်ပြဖို့ ပြည်နယ်အစိုးရရုံးက ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စားအတွင်းရေးမှူး ဦးညီညီမင်း လက်မှတ်ရေးထိုးပြီး မေ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကယားပြည်နယ် အစိုးရရုံးနဲ့ ဌာနဆိုင်ရာတွေကို  ညွန်ကြားထားတာပါ။ ဒီလိုညွန်ကြားထားတဲ့စာတွေ ထွက်ပေါ်ပြီးနောက် လွိုင်ကော်မြို့ပေါ်က အရေးကြီးတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက အခုလိုလုံခြုံရေးတွေ တိုးမြင့်ချထား တာ ဖြစ်ပါတယ်။ ဒီလိုလုံခြုံရေးတင်းကြပ်ထားမှုနဲ့ပတ်သက်ပြီး ဖရူဆိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က “အစိုးရဘက်ကလည်း သူတို့လုပ်ထားတဲ့ ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့  သူတို့လုံးဝ လျော့မပေးနိုင်ဘူးဆိုတဲ့ဟာ ဆုံးဖြတ်လိုက်တဲ့အခါကျတော့ လူငယ်တွေကလည်း တစုံတရာ လှုပ်ရှားမှုရှိလာလိမ့်မယ်ဆိုပြီးတော့ သူတို့လည်း ကြိုတင်ပြီးတော့မှ လုံခြုံရေးအတွက် ကြိုတင်ကာကွယ် လုပ်ထားတဲ့သဘောမျိုးကို သွားတွေ့ရတာပေါ့။ ဆိုတော့ အခုဟာက လူငယ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမဟုတ်ဘဲနဲ့ ဒါတဖက်သတ်သူတို့ ဆုံးဖြတ်ချက်ခ ချလိုက်ပြီးတော့မှ တဖက်ကလည်း လုံခြုံရေးတိုးမြင့်ပြီးတော့မှ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဘာတွေ ဆက်လုပ်သွားမယ်တိုတဲ့ ပုံစံမျိုးနဲ့သွားလုပ်တာပေါ့။ ဆိုတော့ ဒါတွေကလည်း သိပ်အပြုသဘော မဆောင်တဲ့ဟာတွေဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။” လွိုင်ကော်မြို့ ကန္တဟေ၀န်ပန်းခြံမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမရွှေ့ပြောင်းပေးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားခဲ့တဲ့အတွက် နှစ်ဖက်ဆွေးနွေးမှု ပျက်ပြယ်သွားခဲ့ပြီးနောက် ကြေးရုပ်တု လူငယ်သပိတ်ကော်မတီက ခူးပိုးရယ်ကတော့ ချမှတ်ထားတဲ့မူအတိုင်း လုပ်သင့်တာကို ဆက်လုပ် သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုပျက်ပြယ်ပြီးနောက် ကရင်နီပြည် လူငယ်အင်အားစု သပိတ်ကော် မတီကလည်း ဗိုလ်ချုပ်ကြေးရုပ်တုပြဿနာနဲ့ ပတ်သက်ပြီး မည်သည့်အကြောင်းအရာမဆို လုံးဝ မသက်ဆိုင်တော့ကြောင်းနဲ့ နောင်ဖြစ်ပေါ်လာတဲ့ကိစ္စ အရပ်ရပ်ကိုလည်း တာဝန်ယူမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024