ရုရှားအစိုးရသည် မီးသတ်တပ်ဖွဲ့မဟုတ်ဟု သမ္မတ ပူတင် ပြော

ရုရှားအစိုးရဟာ ဘာမဆို လိုက်ကယ်နေရအောင် မီးသတ်တပ်ဖွဲ့ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ "ကျနော်တို့အပေါ် အပြည့်အဝ မူတည်နေတာမဟုတ်တဲ့ ကိစ္စတိုင်းကို မကယ်နိုင်ဘူး၊ ရုရှားဟာ မီးသတ်တပ်ဖွဲ့ မဟုတ်ဘူး" လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်တာပါ။ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရင်း မေလ ၁၅ ရက်နေ့က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “အခြေအနေ ဘယ်လိုတိုးတက်လာလဲဆိုတာ ကျနော်တို့ ကြည့်မယ်။ ကျနော်တို့က ကိုယ့်အခန်းကဏ္ဍကို ကိုယ်လုပ်နေတယ်။ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ကျနော်တို့က အဆင်သင့်ပဲ။ ဒါပေမယ့် ကျနော်တို့အပေါ်မှာချည်း မူတည်တာ မဟုတ်ဘူး။  အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ အပါအဝင် ပတ်သက်သူအားလုံးအပေါ် မူတည်တယ်” လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဆက်ပြောပါတယ်။ အီရန်အစိုးရနဲ့ သဘောတူညီချက်ရရေး အမေရိကန်နဲ့ ဥရောပ လုပ်ဖော်ကိုင်ဘက်တွေကို ကူညီဖို့ ရုရှားအစိုးရက အဆင်သင့်ပဲလို့လည်း ပူတင်က ပြောပါတယ်။ “အမေရိကန်က သဘောတူညီချက်ကနေ ထွက်သွားခဲ့တယ်။ သဘောတူညီချက် ပျက်သွားတယ်။ ဥရောပနိုင်ငံတွေက အခြေအနေကိုကယ်ဖို့ ဘာမှမလုပ်နိုင်ဘူး။ အီရန်ရဲ့ စီးပွားရေး ဆုံးရှုံးမှုကို ပြန်လျော်ဖို့ အီရန်ကို တကယ်တော့ ဘာမှမလုပ်ပေးနိုင်ဘူး။ အီရန်က တုံ့ပြန်ဖို့ ပထမခြေလှမ်းကို စလိုက်တာနဲ့ နောက်နေ့မှာ လူတိုင်းက အမေရိကန်က စခဲ့တယ်ဆိုတာကို မေ့ပြီး အီရန်အပေါ် အပြစ် ဝန်ထုပ်ဝန်ပိုး ပုံချကြလိမ့်မယ်” လို့လည်း ပူတင်က ပြောပါတယ်။ အီရန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အမိန့်အရ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ပါ ကတိကဝတ်တချို့ကို အီရန်က တရားဝင် ရပ်ဆိုင်းခဲ့တယ်လို့ အီရန် အနုမြူစွမ်းအင်ဌာနက isna သတင်းဌာနကို မေလ ၁၅ ရက်မှာ ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို အီရန်က တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ ဗြိတိန်တို့ဆီ အရင်အပတ်က အကြောင်းကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ၂၀၁၅ သဘောတူညီချက်ကနေ မနှစ်က တဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်မှုတွေ ပြန်ကျင့်သုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up