အိမ်မွေးတိရစ္ဆာန်တွေနဲ့ လူသားသခင်တို့အကြား ချစ်ခြင်းမေတ္တာတွေကို အတိုင်းသား မြင်တွေ့ကြရမယ့် Hollywood Comedy Drama အမျိုးအစား ရုပ်ရှင် A Dog’s Journey ကို လာမယ့် မေလ ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Universal Pictures နဲ့ Amblin Entertainment တို့က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန် ရုပ်သံစီးရီးတွေ ရိုက်ကူးပြီး နာမည်ကြီး ထူးချွန်ဆုတွေ ရရှိထားတဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Gail Mancuso က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Dog’s Purpose ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာပါ။ Bailey ဆိုတဲ့ ခွေးကလေးတကောင်ရဲ့ ဘဝဖြတ်သန်းမှု အကြောင်းအရာကို ဇာတ်ကြောင်းပြန်ပြောပြတဲ့ ပုံစံနဲ့ ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လူသားတွေကြားက တွယ်ငြိတတ်တဲ့ သံယောဇဉ်တွေကို ဇောင်းပေးရိုက်ကူးထားခဲ့တာပါ။ Bailey ဟာ သခင်ဖြစ်သူ Ethan ဆိုတဲ့ ကောင်လေးရဲ့ အိမ်မွေးခွေးလေးတကောင်ဖြစ်ပြီး ငယ်ဘဝကစလို့ တပူးတွဲတွဲ ရှိနေခဲ့ကြတာပါ။ အဲဒီနောက်တော့ သူ့ရဲ့ ခွေးသက်တမ်းကုန်ဆုံးလို့ နောက်ဘဝရောက်ချိန်မှာတော့ ဘဝပေါင်းများစွာကို သခင်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး သိရှိခွင့်ရချိန်မှာတော့ အရင်းနှီးဆုံး မိသားစုဖြစ်တဲ့ Ethan တို့ မိသားစုဆီ ပြန်ဝင်စားခဲ့တဲ့ အကြောင်း တင်ဆက်ထားခဲ့တာပါ။ ခုထွက်ရှိလာတဲ့ A Dog’s Journey ကားထဲမှာတော့ Ethan ဟာ အသက်အရွယ် ကြီးသွားခဲ့ပြီဖြစ်ပြီး အိမ်မွေးခွေးကလေးအဖြစ် ပြန်ဝင်စားဦးမယ့် Bailey က သူ့ရဲ့ မြေးမလေး CJ ကို ဘဝတိုင်း သွားရောက်တွေ့ဆုံ စောင့်ရှောက်ဦးမှာဖြစ်တဲ့ အကြောင်းတွေကို တင်ဆက်ထားတာမို့ ပရိသတ်တွေ ရင်နင့်စရာ၊ ကြည်နူးကြေကွဲစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် ခွေးကလေး Bailey ရဲ့ နောက်ခံအသံကို အမေရိကန် သရုပ်ဆောင်မင်းသား Josh Gad က သရုပ်ဆောင်ပေးထားခဲ့ပြီး Ethan အဖြစ် ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး Dennis Quaid နဲ့ မြေးမလေး CJ နေရာမှာတော့ ဗြိတိန် သရုပ်ဆောင်မင်းသမီး Kathryn Prescott တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.1 အထိ ရရှိထားခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကားတွေက ကလေးတွေကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။