တပ်မတော်အပေါ်ငွေကြေးနှင့် တခြားအထောက်အပံ့အားလုံး ဖြတ်တောက်ရန် ကုလတိုက်တွန်း

5.3K
မြန်မာတပ်မတော်အပေါ် ဘဏ္ဍာရေးနဲ့ တခြားအကူအညီအထောက်အပံ့တွေ အားလုံး ဖြတ်တောက်ဖို့ ကုလသမဂ္ဂ အချက်လက်ရှာအဖွဲ့က နိုင်ငံတကာအသိုင်းအ၀န်းကို တိုက်တွန်း လိုက်ပါတယ်။
ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာအဖွဲ့ (FFM)က မေလ ၁၄ ရက်မှာ သတင်းထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံ အနေနဲ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းဖို့နဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ရိုဟင်ဂျာ အရပ်သား ၁သန်းကျော် အပါအ၀င် လူ့အခွင့်အရေးကို ကာကွယ်ဖို့ လုံလောက်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့လည်း FFM အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ၁၀ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး ပြောကြားလိုက်တာဖြစ်ပြီး ပဋိပက္ခကို ဖြေရှင်းဖို့ မြန်မာအစိုးရက လှုပ်ရှားအောင်ရွက်မှုတွေမရှိတဲ့အကြောင်းနဲ့ အခြေအနေဟာ လုံးဝဥဿုံ ရပ်နေတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်မပေးသလို ဒီအဖွဲ့ စတင်ဖွဲ့စည်းတာနဲ့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးကိုလည်း လက်မခံ ပျယ်ချတဲ့ အကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူနည်းစု တိုင်းရင်းသားတွေ အပေါ် စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၄၄ မျက်နှာပါ အစီအရင်ခံစာတစောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလက လူ့အခွင့်အရေး ကောင်စီမှာ တင်သွင်းခဲ့ပါတယ်။
စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် အကြီးအကဲတွေအနေနဲ့ အများယုံကြည်ရတဲ့ တရားရုံးမှာ လာရောက် ဖြေကြားဖို့လည်း FFM အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။
ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး