ဆိပ်ဖြူမြို့နယ်တွင် လေပြင်းတိုက် မိုးကြိုးပစ်သဖြင့် လူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
May 15, 2019
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေ ၁၄ ရက် ညနေ ၄ နာရီခွဲလောက်က လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်လို့ လူတဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူ မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။
ဆိပ်ဖြူမြို့နယ် ကျောင်းရွာအုပ်စု ကျွန်းမကြီးကျေးရွာနေ အမျိုးသားတဦးဟာ နွားစာ စဉ်း နေစဉ် လေပြင်းနဲ့အတူ မိုးကြိုးထိမှန် ဝဲဘက်တခြမ်းမဲလျက် သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူ ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
အလားတူ ကန်ဇွန်းမ ရွာသစ်ကျေးရွာနေ အမျိုးသားတဦးဟာလည်း ဝန်ချောင်းဆည်အနီး ကျွဲကျောင်းနေစဉ် မိုးကြီးစက်ကွင်းမိလို့ ကန်ဇွန်းမဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်ခတ်လို့ ကော်တုံကျေးရွာအုပ်စု ဖက်တဲကျေးရွာမှာ လူနေအိမ် ၃ လုံး၊ ရှောက်ပင်အင်းကျေးရွာမှာ လူနေအိမ် ၂လုံးနဲ့ မင်းချမ်းကျေးရွာမှာ နေအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၉ လုံး အမိုးလန် ပျက်စီးသွားပါတယ်။
သတင်း- ကိုလင်း(ချောက်)