MNA လေယာဉ်မှူးနှင့် လေယာဉ်အမှုထမ်းများကို ကာချုပ်ဂုဏ်ပြု
DVB
·
May 15, 2019
ခရီးသည်တွေထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးအန္တရာယ်စွာ ဆင်းသက်နိုင်ခဲ့တဲ့ MNA လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ လေယာဉ်အမှုထမ်းတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်လိုက်ပါတယ်။
လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အမှုထမ်းတွေအတွက် ကာကွယ်ရေးဦးစီးချုပ်က ပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက မေလ ၁၄ ရက်မှာ ရန်ကုန်မြို့ရှိ မြန်မာ့အမျိုးသားလေကြောင်းလိုင်းရုံးချုပ်ကို သွားရောက်ပြီး ကိုယ်စား ပေးအပ်ချီးမြှင့်ခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
လေယာဉ်အမှုထမ်း ၇ ဦးနဲ့ ခရီးသည် ၈၂ ဦးတင်ဆောင်လာတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်အမှတ်၊ XY-AGQ ၊ Embraer 190 ခရီးသည်တင်လေယာဉ်ဟာ မေ ၁၂ ရက်က မန္တလေး တံတားဦး လေဆိပ်သို့အဆင်း ရှေ့ဘီးချမရလို့ လေယာဉ် ဦးပိုင်းနဲ့ ရှပ်တိုက်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။
ဒီဖြစ်စဉ်မှာ လေယာဉ်မှူး ဦးမြတ်မိုးအောင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက် မှန်ကန်စွာလုပ်ဆောင်ခဲ့သလို ဘေးအန္တရာယ် မတော်တဆမှု ရင်ဆိုင်ကြုံတွေ့ချိန်မှာ လေယာဉ် အမှုထမ်းတွေက ခရီးသည်တွေကို ဦးဆောင်မှုမှန်ကန်စွာ အခြေအနေကိုထိန်းသိမ်းဆောင်ရွက် နိုင်ခဲ့လို့အားလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပျက်စီးမှုအနည်းငယ်နဲ့ မြေပြင်သို့ အန္တရာယ် ကင်းစွာဆင်းသက်နိုင်ခဲ့လို့ ဂုဏ်ပြုတာလို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
လေယာဉ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်မှူးကို မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခင်းဖြစ်ပွားတဲ့နေ့က လေယာဉ်ကွင်းသို့ ကိုယ်တိုင်သွားရောက် ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သလို နိုင်ငံတကာ မီဒီယာတွေမှာလည်း ချီးကျူး ရေးသားခဲ့ကြပါတယ်။
ဓာတ်ပုံ- CINCDS