ကျောက်တန်းရွာ ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သူ ၈ ဦးအနက် ၁ဦးသေဆုံး
DVB
·
May 14, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ရွာသား ၂၇၀ ကျော်ကို ဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီး ကျည်ထိမှန် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ ကျောက်တန်းကျေးရွာ တဦး ဒီကနေ့ ရန်ကုန်မှာ သေဆုံးသွားပါတယ်။
ကျောက်တန်း ရွာသား ကိုအောင်လင်းကျော်ဟာ ရန်ကုန် မြောက်ဥက္ကလာပ ဆေးရုံကြီး အထူးကြပ်မက်ဆောင်မှာ အတွင်းလူနာအဖြစ် ဆေးကုသနေရင်း ဒီကနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားတယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့ ၃ နာရီ ၅၀ မိနစ်လောက်မှာ ဆုံးပါတယ်။ မြောက်ဥက္ကလာပဆေးရုံ အထူးကြပ်မက်ဆောင် အတွင်းလူနာဆောင်မှာ ဆေးကုသနေရင်းကနေ ဆုံးသွားတာပါခင်ဗျ။ သေဆုံးသွားတဲ့အလောင်းကိုတော့ မြောက်ဥက္ကလာပ အအေးတိုက်မှာ ထားပါတယ်”လို့ ပြောပါတယ်။
ကိုအောင်လင်းကျော်မှာ ကျောက်တန်းကျေးရွာဖြစ်စဉ်မှာ မြန်မာ့တပ်မတော်က ပစ်လိုက်တဲ့ ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ကျည်ဒဏ် ထိမှန်သွားတဲ့နေရာမှာ ညာဘက်ခါးစပ်ကနေ ကျည်ဝင်ပြီး ဘယ်ဘက်နံရိုးကြားကနေ ဖောက်ထွက်သွားတာလို့ ကိုတင်ထူးအောင်က ပြောပါတယ်။
ကိုအောင်လင်းကျော်ကို စစ်တွေကနေ ရန်ကုန်ကို မေလ ၁၂ ရက် ညပိုင်းလောက်က လေကြောင်းနဲ့ အရေးပေါ်ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ဆေးကုသနေရင်ကနေ သေဆုံးသွားတာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင် “ဒါက အပြစ်မဲတဲ့ ပြည်သူ တယောက်ပေါ့နော်။ ဒီလိုအပြစ်မဲတဲ့ပြည်သူတယောက် ထိခိုက်ဒဏ်ရာရတာ အတွက်ကော တိုင်းပြည်အတွက်လည်း နစ်နာတာပေါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း မကောင်းဘူး။ ဒါက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းတဲ့ အတွက် ဒီလိုကိစ္စတွေ ဖြစ်လာတယ်။ နိုင်ငံရေးကိစ္စနိုင်ငံရေးအရ တွေ့ဆုံအဖြေရှာမှသာ ဒီပြဿနာတွေ ပြေလည်မယ်လို့ ကျနော်တို့ယုံကြည့်တယ်”လို့ပြောပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဆန္ဒအရ ကျောက်တန်းကျေးရွာကို ရန်ကုန်ကနေကားနဲ့ တင်ဆောင်ဖို့စီစဉ်နေကြပြီး ရွာမှာ မြေမြုပ်သင်္ဂြိုဟ်သွားဖို့ မိသားစုဝင်က ဆန္ဒရှိပါတယ်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီး စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။
စစ်ဆေးနေတဲ့တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်လိုက်ရာ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်ဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးစစ်ဆေးခံကျောက်တန်းရွာသားတွေကို တပ်မတော်က အသုတ်လိုက်ပြန်လွှတ်ပေး ခဲ့ရာမှာ ပြီးခဲ့တဲ့ ရက်ကတော့ လက်ကျန်ရွာသား အားလုံးကို ပြန်လွှတ်ပေးခဲ့ပြီး အေအေတပ်ဖွဲ့နဲ့ ပတ်သက်သူတချို့ကိုတော့ အမှုဖွင့် အရေးယူနိုင်ဖို့ ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။
သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- တင်ထူးအောင်