မြောက်ကိုရီးယားနိုင်ငံတွင်း စားနပ်ရိက္ခာ ရှားပါးသည့်အကြောင်း ဆွေးနွေး

တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘီးစလေတို့ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါးတဲ့အကြောင်း မေလ ၁၃ ရက်က ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောပါတယ်။ အကျပ်အတည်းရဲ့ ပြင်းထန်မှုကို စိုးရိမ်တယ်၊ အရေးပေါ် လူသားချင်းစာနာမှု အကူအညီ လိုအပ်တယ်လို့ WFP အမှုဆောင်ညွှန်မှူးက ပြောချိန် မွန်းဂျဲအင်းက စာနာကြောင်း ပြောခဲ့တယ်လို့ အိမ်ပြာတော်က သတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ဆယ်ယောက်မှာ လေးယောက်ဟာ ကာလကြာရှည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရတာပါ။ ဆယ်စုနှစ်အတွင်း အဆိုးဆုံး သီးနှံအထွက်နှုန်းကြောင့် နောက်ထပ် ပြတ်လပ်မယ့်ဘေးလည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ဒီလအစောပိုင်းမှာ ပြောခဲ့ပါတယ်။ တရားဝင်ရိက္ခာကို ဒီနှစ်ထဲမှာ အနိမ့်ဆုံးအနေနဲ့ လူတယောက်ကို တရက် ၁၁ အောင်စထိ လျှော့ချခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ စားနပ်ရိက္ခာ လုံခြုံရေးစစ်တမ်းကို မတ်လ ၂၉ ကနေ ဧပြီ ၁၂ ရက်ကြား ကောက်ခံစစ်ဆေးအပြီးမှာ ခုလို ပြောလိုက်တာပါ။ နောက်ထပ် စစ်တမ်းတရပ်ကို ဇူလိုင်နဲ့ သြဂုတ်လအကြား ထပ်လုပ်ဖို့ WFP က စီစဉ်နေပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ အကူအညီကို မှီခိုနေရတာ နှစ်ချီ ကြာနေပါပြီ။ ကုလသမဂ္ဂဟာ မြောက်ကိုရီးယားနိုင်ငံတွင်း နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကူအညီကို သီးခြားခွဲထားတယ်လို့ WFP အကြီးအကဲက မေလ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up