Home
မြန်မာသတင်း
ပိုင်ဆိုင်မှုများ အချိန်မရွေး ကြေညာနိုင်ဟု သူရဦးရွှေမန်းပြော
DVB
·
May 14, 2019
သူရဦးရွှေမန်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အချိန်မရွေး ကြေညာနိုင်သလို ဒီမိုကရေစီ ပြောင်းလဲရေးမှာ ပါးစပ်နဲ့ပြောနေတဲ့သူတွေထက် ဘယ်လောက်ထိ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းမှာ လှန်ကြည့်လို့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ မေလ ၁၄ ရက် မနက်က ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဟင်္သာလမ်းမှာ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ပဲခူးတိုင်းဒေသကြီး တိုင်းရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဧပြီ ၂၅ ရက်က စတင်ခွင့်ပြုချက် ရရှိခဲ့ပြီး ပါတီထောင်ပြီး ၁၄ ရက်လောက်အတွင်းမှာ ပါတီဝင်အင်အား သောင်းနဲ့ချီ ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “အခုလို ပါတီထူထောင်လိုက်တာနဲ့ ပတ်သက်ပြီး ကျနော့်ကို အမျိုးမျိုး ဝေဖန်တိုက်ခိုက်တာတွေလည်း ရှိနိုင်တဲ့အတွက် ကျနော့် အနေနဲ့ အစမ်းသပ်လည်းခံနိုင်တယ်။ အစစ်ဆေးလည်း ခံနိုင်တယ်။ ပြောရမယ်ဆိုရင် ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေး ကြေညာနိုင်ပါတယ်။ ပြီးတော့ ဒီမိုကရေစီ ပြောင်းလဲရေး ပြောင်းလဲရေးနဲ့ အဲဒီ ဒီမိုကရေစီ ပြောင်းလဲရေးမှာ စစ်သားဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့သူက ဘယ်လောက်ထိလုပ်ခဲ့လဲဆို၊ ပါးစပ်ကြီးနဲ့ ပြောနေတဲ့သူတွေထက် လက်တွေ့ ဘယ်လောက်လုပ်ခဲ့သလဲဆိုတာ သမိုင်းကြောင်းမှာ လှန်ကြည့်လို့ ရပါတယ်”လို့  ပြောပါတယ်။ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ရှင်သန်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့၊ ထူထောင်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများ ဒီနေ့ထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင်၊ တနည်းအားဖြင့်ပြောရရင် သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်း နေထိုင်နိုင်တဲ့ အနေအထား ဖြစ်အောင် ပါတီကိုထူထောင်တာဖြစ်ပြီး ပါတီက တိက၀တ်ကိုတော့ ရွေးကောက်ပွဲနီးမှ ကြေညာသွားမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းပါတီ ရုံးဖွင့်ပွဲကို ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ က၀၊ သနပ္ပင် စတဲ့ ပဲခူးခရိုင် အရှေ့ခြမ်းမှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်က ပါတီဝင်အင်အား ၂၀၀ ကျော်လောက် တက်ရောက်ကြပြီး ပါတီအဆိုပြုလွှာတွေ ပေးအပ်ခဲ့ကြပါတယ်။ သတင်း- အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024