A d v e r t i s e m e n t With Us

နာမည်ကြီးမင်းသား ကီနူးရိဗ်စ် အထူးပါဝင်သည့် ဟောလိဝုဒ်ရုပ်ရှင် – John Wick: Chapter 3 – Parabellum (နမူနာ)

မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်မင်းသား ကီနူးရိဗ်စ် (Keanu Reeves) ခေါင်းဆောင်ပါဝင်တဲ့ နာမည်ကြီးရုပ်ရှင် John Wick: Chapter 3 - Parabellum ကို လာမယ့် မေလ ၁၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ Chad Stahelski က ရိုက်ကူး ပုံဖော်ပေးထားပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံး ထွက်ရှိခဲ့တဲ့ John Wick၊ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ John Wick: Chapter 2 ရုပ်ရှင် Series တွေရဲ့ တတိယမြောက် ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီကားထဲမှာတော့ နာမည်ကြီး လူသတ်သမား John Wick ဟာ နယူးယောက်မြို့ကနေ ထွက်ခွာဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ သဘောတူညီထားတဲ့ လူမသတ်ရ စည်းမျဉ်းကို ချိုးဖောက်လိုက်တဲ့အတွက် သူဟာ တကမ္ဘာလုံးက ကြေးစားလူသတ်သမားတွေရဲ့ အမေရိကန် ဒေါ်လာ ၁၄ သန်းတန် ပစ်မှတ်တခု ဖြစ်လာပါတယ်။ John Wick အတွက် လွတ်မြောက်နိုင်ဖို့ လမ်းစဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ပါတယ်။ ဒီအန္တရာယ်ကနေ လွတ်အောင် သူ့ကို ယုံကြည်နေဆဲဖြစ်တဲ့ ကြေးစားလူသတ်သမား ပါတနာအမျိုးသမီး Sofia ရဲ့ အကူအညီနဲ့ တခြား ကြေးစားလူသတ်သမားတွေနဲ့ ရင်ဆိုင်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ တကယ်ရော လွတ်မြောက်သွားနိုင်မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကီနူးရိဗ်စ်နဲ့အတူ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Halle Berry၊ Laurence Fishburne၊ Mark Dacascos၊ Asia Kate Dillon နဲ့ Lance Reddick တို့ကလည်း အတွဲညီညီ ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating ၉၈ ရာခိုင်နှုန်းအထိ ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကားတွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၁ မိနစ်ရှိပြီး ရုံမတင်ခင်ကတည်းက ပရိသတ်ကြား စိတ်ဝင်စားမှု မြင့်တက်နေခဲ့တဲ့ ဒီရုပ်ရှင်ကားကို Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အမေရိကန်ဒေါ်လာ ၃၅ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up