Home
မြန်မာသတင်း
ချောက်ရေနံမြေဝန်ထမ်းများ နေပူပြင်းချိန်၌ အလုပ်မလုပ်ရန် ညွှန်ကြား
DVB
·
May 14, 2019
အပူရှိန် မြင့်တက်နေတဲ့ မကွေးတိုင်းဒေသကြီး ချောက်ရေနံမြေမှာ ရေနံထုတ်လုပ်ရေး ဝန်ထမ်းတွေကို နေပူပြင်းချိန်တွေရှောင်ပြီး အလုပ်လုပ်ကြဖို့ ညွှန်ကြားထားတယ် လို့ ချောက်၊ လမ်းရွာ ရေနံမြေ မန်နေဂျာ ရုံးကသိရပါတယ်။ ချောက်၊လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာ ဦးကိုကိုသက်က “ရေနံမြေမှာ ၂၄ နာရီ အလှည့်ကြ အချိန်သုံးချိန်ခွဲတာဝန်ထမ်းဆောင်နေရတဲ့ ရေနံထုတ်လုပ်ရေး ဝန်ထမ်းတွေကို တာဝန်ချိန် ပထမ အသုတ်ရဲ့ မနက် ၇ နာရီကနေ နေ့လယ် ၃ နာရီ အသုတ်ကို အခုချိန်က နေပူပြင်းတဲ့ အချိန်ဖြစ်လို့ နေ့ ၁၂ နာရီ ဝန်းကျင်အထိဘဲ နေပူထဲက အလုပ်တွေကို လုပ်ခိုင်း ထားပြီးတော့ ကျန်တဲ့လုပ်ငန်းတွေကိုလည်း နေခင်း ၃ နာရီ အလုပ်ဝင် လာတဲ့ အသုတ်ကို ၄ နာရီ လောက်မှ ပြင်ပအလုပ်ကို ပြန်လည်စတင် ဆောင်ရွက် ခိုင်းထားတယ်”လို့ ပြောပါတယ်။ ချောက်၊လမ်းရွာရေနံမြေမှ ပြင်ပနေပူမှာ ဆောင်ရွက်ရတဲ့ဝန်ထမ်းတွေကို ဓာတ်ဆား ထုပ်တွေ ဝေငှပေးထားပြီး လစဉ် ပြုလုပ်တဲ့ ဝန်ထမ်းတွေဆုံပွဲတွေမှာလည်း ချောက် ရေနံဆေးရုံ ဆရာဝန်ကြီးက အပူဒဏ်နဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောတာတွေ ဆောင်ရွက်ပေးနေ ပါတယ်။ ဒါ့အပြင် အပူကြောင့်ဖြစ်တဲ့လူနာတွေ ရောက်လာရင်လည်း လေအေးပေးစက်၊ ရေခဲရေနဲ့ လိုအပ်တဲ့ဆေးဝါးအပြည့်အစုံ ဆောင်ရွက်ထားပြီး အခုချိန်ထိတော့ ချောက်ရေနံမြေ ဆေးရုံမှာ အပူကြောင့် ဖြစ်တဲ့ လူနာ မရှိသေးဘူးလို့ သိရပါတယ်။ ချောက်မြို့နယ်အပူချိန်ဟာ မတ်လ လယ်ပိုင်းလောက်မှ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အထက်ကို မြင့်တက်လာပြီး မေလ ၉ ရက်မှာ ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ် နဲ့ စံချိန်သစ်တင်ထားခဲ့တယ်လို့ ချောက်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာရေးစခန်းက သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024