ဟိုတယ်တလုံးကို စီးနင်းခဲ့သည့် ခွဲထွက်ရေးသူပုန် ၃ ဦးကို ပါကစ္စတန်စစ်တပ် ပစ်သတ်

ပါကစ္စတန် လုံခြုံရေးတပ်တွေဟာ ဂွါဒါဆိပ်ကမ်းမြို့ထဲက ဇိမ်ခံဟိုတယ်တလုံးကို စီးနင်းခဲ့တဲ့ ခွဲထွက်ရေး သူပုန် ၃ ယောက်ကို သတ်ပစ်ခဲ့တယ်လို့ စစ်တပ်က မေလ ၁၂ ရက်မှာ ပြောပါတယ်။
စစ်တပ်အရာရှိတွေလို ဝတ်ထားတဲ့ သေနတ်သမား ၃ ယောက်ဟာ ကြယ်ငါးပွင့်ဟိုတယ် ဖြစ်တဲ့ ပါးလ်ကွန်တီနန်တယ် ဟိုတယ်ကို မေလ ၁၁ ရက်က စီးနင်းခဲ့တယ်၊ ဟိုတယ်လုံခြုံရေး ၃ ယောက်၊ ဝန်ထမ်းတယောက်နဲ့ ရေတပ်အရာရှိ တယောက်ကို အပြန်အလှန် ပစ်ခတ် တိုက်ပွဲအတွင်း သတ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာအပြီးမှာ သူတို့ဟာ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာ ခိုအောင်းနေခဲ့တာပါ။
တိုက်ခိုက်သူတွေကို လှေကားထဲမှာ ချောင်ပိတ်ထားပြီး တပ်တွေက ဟိုတယ်ဝင်းထဲက ဧည့်သည်အားလုံးကို ရှင်းထုတ်ခဲ့ပါတယ်။
တိုက်ခိုက်သူ ၃ ယောက်စလုံး သေဆုံးအပြီးမှာ လုံခြုံရေးတပ်ဖွဲ့ဟာ ရှင်းလင်းမှု စစ်ဆင်ရေးကို ပြီးမြောက်အောင် လုပ်ခဲ့တယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဘာလူချီစတန် လွတ်မြောက်ရေး တပ်မတော်လို့ခေါ်တဲ့ သူပုန်အုပ်စုကတော့ ပြည်နယ်အတွင်း သဘာဝသယံဇာတတွေကို မမျှမတ အမြတ်ထုတ်နေတယ်လို့ ရှုမြင်ပြီး သူပုန်ထနေတာပါ။
တရုတ်နဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောရင်း စီးနင်းမှုအတွက် သူတို့က တာဝန်ခံခဲ့ပါတယ်။