အကျဉ်းထောင်ထဲ ကန့်သတ်ပစ္စည်းသွင်းနေမှု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
ရွှေအောင်
·
May 13, 2019
အကျဉ်းထောင်တွေထဲမှာ ကန့်သတ်ပစ္စည်းတွေ တင်သွင်းသုံးစွဲနေတာကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဘယ်လိုကိုင်တွယ်လုပ်ဆောင်မလဲလို့ လွှတ်တော် ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်လိုက်ပါတယ်။
မေ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တောင်ကုတ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးရင်း မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
“အကျဉ်းသားအချုပ်သားတွေ သွင်းဖို့ခက်ခဲတဲ့ ထောင်ဝင်စာမှတဆင့် သွင်းရန်ကန့်သတ် ထားတဲ့ ဥပမာ လက်ကိုင်ဖုန်း၊ ဘောပင်၊ ဆော့ပင်၊ ၀ှိုက်ဘုတ်၊ မိုက်ရိုဖုန်းတို့ကို ကိုင်ဆောင် သုံးစွဲနေတာဟာ မြန်မာနိုင်ငံတနိုင်ငံလုံးသာမက ကမ္ဘာ့မီဒီယာအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ အကျဉ်းသားများ အကျဉ်းထောင်ထဲတွင် တရားဝင် ကိုင်ဆောင်ဖို့ ကန့်သတ်ထားသော ပစ္စည်းများ ကို ကိုင်ဆောင်နေခြင်းဟာ အကျဉ်းထောင်၏ အုပ်ချုပ်စီမံမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရှုထောင့်မှ ကြည့်ရင်လည်း သံသယဖြစ်ဘွယ် တွေ့ရှိရပါတယ်၊ဒါကိုလည်း မည်ကဲ့သို့ စုံစမ်းဖော်ထုတ်အရေးယူမည်ကို သိလိုပါတယ်၊”
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၁၈ ဦးက ၀င်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားစာပေါင်း ၁၀ ၅၄၃ စောင် ရောက်ရှိခဲ့ပြီး ဒီထဲကမှ ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်တဲ့ တိုင်ကြားစာက ၄၆ စောင်ပဲ ရှိပါတယ်။
ပြည်သူများထံ အကြံပြုအသိပေးပြန်ကြားစာ ၅၂၆၈စောင်၊ အရေးယူဆောင်ရွက်ပေးလို့ မရတဲ့ တိုင်ကြားစာ ၂၈၁၄ စောင်၊ ၀န်ကြီးဌာနနဲ့ ပြည်နယ်တိုင်းအစိုးရတွေဆီ လွှဲပြောင်း ပေးပို့ခဲ့တဲ့ တိုင်ကြားစာ ၁၇၉၅ စောင်၊ စိစစ်ဆောင်ရွက်ဆဲစာ ၆၁၀ ရှိတယ်လို့ ကော်မရှင် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အစီရင်ခံစာပါ ၀န်ကြီးဌာနနဲ့ ပြည်နယ်တိုင်းအစိုးရတွေဆီ လွှဲပြောင်းပေးပို့ခဲ့တဲ့ တိုင်ကြားစာ ၁၇၉၅ စောင်နဲ့ပတ်သက်လို့ ဘယ်ပုံဘယ်နည်း ကိုယ်တွယ်လုပ်ဆောင်နေလဲ ဆိုတာကိုလည်း ကိုယ်စားလှယ်တွေက ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။