တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးပွဲ ကျင်းပရန် သဘောတူ

တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို တရုတ်မြို့တော် ပေကျင်းမှာ ဆက်ပြီးကျင်းပဖို့ သဘောတူခဲ့တယ်လို့ တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့က မေလ ဆယ်ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်နိုင်ငံက လက်ကျန် တင်ပို့ကုန် အားလုံးအပေါ် ထပ်ဆောင်းခွန် ကောက်ခံရေး လုပ်ငန်းစဖို့ သူ့ရဲ့ ကုန်သွယ်ရေး အကြီးအကဲကို အမိန့်ချလိုက်ပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အကောင်းမြင်ထားတယ်လို့ လျိုဟော့က ပြောပေမယ့် တရုတ်က နောက်ဆုတ်မပေးနိုင်တဲ့ စည်းမျဉ်းကိစ္စတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။
ပေကျင်းမှာ ဆွေးနွေးပွဲတွေ ဆက်ကျင်းပမယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ လျိုဟော့က မပြောခဲ့ပါဘူး။
အမေရိကန်က တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲကို သောကြာနေ့မှာ အရှိန်မြှင့်ခဲ့တာပါ။ ဆွေးနွေးပွဲတွေက တိုးတက်မှုမရှိခဲ့လို့ ထရမ့်က ထပ်ဆောင်းခွန်ကို ပိုတိုးမြှင့်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် တရုတ်တင်ပို့ကုန် အမေရိကန် ဒေါ်လာဘီလီယံ ၃၀၀ ဖိုးအပေါ် ထပ်ဆောင်းခွန် ကောက်ခံမယ်လို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။