ဖိလစ်ပိုင်နိုင်ငံ ဘီနာလိုမြို့တွင် အတင်းပြောသူကို အပြစ်ပေးမည့်ဥပဒေ ပြဋ္ဌာန်း

2.8K
အတင်းပြောသူကို အပြစ်ပေးမယ့် ဒေသတွင်း ဥပဒေတရပ်ကို ဖိလစ်ပိုင်နိုင်ငံ ဘီနာလိုနန် မြို့မှာ စတင်ပြဋ္ဌာန်းလိုက်ပြီလို့ မေ ၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
မြို့တော်မနီလာရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ မှာတည်ရှိတဲ့ ဒီမြို့လေးဟာ ဒေသတွင်း ကောလာဟလတွေကို တားဆီးဖို့အတွက် ဒီလိုသတ်မှတ်ချက်တရပ်ကို ပြဋ္ဌာန်း လိုက်တာ ဖြစ်ပါတယ်။
ဒေသတွင်း ဥပဒေသစ်အရ အတင်းပြောသူဟာ အမှိုက်ကောက်ရမှာပါ။ ဒီဥပဒေကို ပထမအကြိမ် ချိုးဖောက်သူဟာ ပီဆို ၂၀၀ ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး လမ်းပေါ်က အမှိုက်တွေကိုလည်း သုံးနာရီကောက်ရမှာ ဖြစ်ပါတယ်။ ဥပဒေကို နောက်တကြိမ် ချိုးဖောက်တယ်ဆိုရင်တော့ ဒီလူဟာ ဒဏ်ငွေကို ဒေါ်လာ ၂၀ အထိပေး ဆောင်ရမှာဖြစ်ပြီး အမှိုက်ကောက်ရမယ့်အချိန်ဟာလည်း ၈ နာရီအထိ မြင့်တက်လာမှာဖြစ်ပါတယ်။
ဒီဥပဒေမှာ ဘယ်လိုစကားလုံးမျိုးကို အတင်းလို့ သတ်မှတ်တယ်ဆိုတာ သေသေသေချာချာ မသိရသေးပေမယ့် ဒါဟာ မြို့ငယ်လေးတွင်းမှာနေထိုင်တဲ့ ဒေသခံတွေအကြား တဦးနဲ့ တဦး ရင်းနှီးမှုမပျက်စီးဖို့နဲ့ လူတွေကို သူတို့ပြောတဲ့စကားအပေါ် တာဝန်ခံမှု မြင့်တက်လာစေဖို့ ရည်ရွယ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ဒီလိုမျိုးဥပဒေဟာ တခြားနိုင်ငံတတွေအတွက် ထူးဆန်းနေမှာဖြစ်ပေမယ့် ဖိလစ်ပိုင်သားတွေအတွက်တော့ သိပ်အထူးဆန်းကြီးမဟုတ်ပါဘူး။ အဓိကကတော့ ဘီနာလိုနန်မြို့အနီးမှာရှိတဲ့ မော်ရီနိုမြို့မှာ ဒီလိုဥပဒေမျိုးကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။။
ဒီဥပဒေကို ဒေသတွင်းတာဝန်ရှိသူတွေက နွေရာသီမရောက်ခင် အပြီးသတ် အတည်ပြုလိုက်တာဖြစ်ပြီး နွေရာသီဆိုရင် ရာသီဥတု ပူတဲ့အတွက် ဒေသခံတွေဟာ အရိပ်ရတဲ့ နေရာတွေမှာ စုရုံးကာ တဦးတယောက်အကြောင်းကို ဝိုင်းဖွဲ့အတင်းတုတ်ကြလို့ပဲဖြစ်ပါတယ်။
ဒ့ါကြောင့် နွေရာသီဟာ အတင်းပြောမှုကြောင့် ပြဿနာဖြစ်ပွားမှုအများဆုံး အချိန်ကာလလည်း ဖြစ်ပါတယ်။
“အတင်းပြောတယ်ဆိုတာ အချိန်ဖြုန်းခြင်း သက်သက်ပါပဲ။ လူတွေဟာ အတင်းပြောမယ့်အချိန်တွေမှာ တခြားတခုခုကို လုပ်ဆောင်နေခြင်းနဲ့ သူတို့ဘဝကို ပိုတိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်” လို့ မြို့တော်ဝန် ဂိုင်ကိုကပြောပါတယ်။
ဒ့ါအပြင် ဒီဥပဒေအသစ်ဟာ ဒေသခံတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးခြင်းမဟုတ်ဘဲ မြို့တွင်း ဒေသခံတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့အတွက်သာ ရည်ရွယ်တယ်လို့ မြို့တော်ဝန်က ဆက်လက်ပြောဆိုပါတယ်။