Home
မေးမြန်းခန်း
စာချုပ်စာတမ်း၊ အမွေခွဲဝေခြင်း၊ အခွန်
DVB
·
May 11, 2019
မြေအရောင်းအ၀ယ်အကျိုးတူလုပ်ငန်း စာချုပ်စာတမ်း၊ အောင်ဘာလေ ထီခွန် စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတွေကို ဒေါ်လွင်မာဦး (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ကျနော်တို့သူငယ်ချင်းနှစ်ယောက် မြေအရောင်းဝယ်အကျိုးတူ လုပ်ငန်းလုပ်ပါတယ်။ ၀ယ်ထားတဲ့ မြေကွက် အရောင်းအ၀ယ်တွေမှာ တချို့စာချုပ်ကို သူလက်မှတ်ထိုးပြီး တချို့စာချုပ်တွေမှာတော့ ကျွန်တော် လက်မှတ်ထိုးထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူက နိုင်ငံခြားသားအဖြစ် ခံယူလိုက်ပါတယ်။ ဒါကြောင့် ချုပ်ထားတဲ့စာချုပ်တွေနဲ့ပတ်သက်ပြီး နောက်ပိုင်းကိစ္စတခုခုရှိလာတဲ့အခါ သူဝယ်ထားတာကိုသူရှင်း၊ ကိုယ်ဝယ်ထားတာကိုကိုယ်ရှင်း ဆိုပြီး စာချုပ်လုပ်ထားချင်ပါတယ်။ ဥပဒေအရ တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ။ ဖြေ။ မှတ်ပုံတင်စာချုပ်နဲ့ ဝယ်တာလား၊ အရပ်စာချုပ်နဲ့ဝယ်တာလား ဆိုတာကို အရင် ကြည့်ရပါမယ်။ မရွှေ့မပြောင်းနိုင်တဲ့ မြေကိုဝယ်ရင် မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ရပါမယ်။ ဒါမှ တရားဝင်မှာပါ။ ဝယ်တဲ့အချိန်မှာ သူငယ်ချင်းက နိုင်ငံသားဖြစ်နေတော့ နိုင်ငံသားတယောက်အနေနဲ့ မြေယာများကို တရားဝင်မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ခွင့်ရှိပါတယ်။ နောက်ပိုင်းမှ နိုင်ငံခြားသားအဖြစ် ခံယူလိုက်တဲ့အခါ ပထမနိုင်ငံသားဖြစ်စဉ်က ဝယ်ထားတဲ့ စာချုပ်ကို ထိခိုက်ခြင်းမရှိပါဘူး။ ဒါပေမယ့် နိုင်ငံခြားသားဖြစ်တဲ့အချိန်မှာ ဝယ်ယူမယ်ဆိုရင်တော့  ၁၉၈၇ ခုနှစ် မရွှေ့မပြောင်း နိုင်တဲ့ပစ္စည်း ကန့်သတ်သည့်ဥပဒေဆိုတာရှိပါတယ်။ နိုင်ငံခြားသားအနေနဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ဝယ်ရင် ပိုင်ဆိုင်ခွင့် မရပါဘူး။ ဒါပေမယ့် အင်္ဂလိပ်ကိုလိုနီခေတ်မှာ ရန်ကုန် အစရှိတဲ့ မြို့ကြီးတွေမှာ နိုင်ငံခြားသားတွေရဲ့ မြေတွေကို အိုး၊ အိမ်ဦးစီးဌာနတို့၊ စည်ပင်သာယာဌာနတို့မှာ ခုချိန်ထိ ရှိပါသေးတယ်။ တရားရုံးမှာတော့ အမွေဆက်ခံခွင့်ကိုတော့ လျှောက်ခွင့်မရှိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက အမွေဆက်ခံခွင့်ကို စိစစ်ပြီး ခွင့်ပြုနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအဖြစ်နဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို တရားဝင် အရောင်းအဝယ်လုပ်ဖို့က အင်မတန် မလွယ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းနှစ်ယောက် နိုင်ငံခြားသားအနေနဲ့ မြေအရောင်းအဝယ်လုပ်မယ်ဆိုရင် ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ကန့်သတ်သည့်ဥပဒေ နဲ့ ထိပ်တိုက်သွားတွေ့ပါတယ်။ ဒါကြောင့် ပိုင် ဆိုင်မှုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျမအကြံပေးချင်တာက နှစ်ဦးသဘောတူ Agree စာချုပ်ချုပ်၊ ပဋိညာဉ် ဥပဒေနဲ့အညီ ချုပ်ဆိုပြီးတော့၊ ဒီမြေတွေကို ဘယ်လိုလုပ်မယ်ဆိုတာ ဆောင်ရွက်သင့်ကြောင်း အကြံပြုပါတယ်။ မေး။ ကျမတို့ မိဘကွာရှင်းတော့ အဖေက သားသမီးတွေရဲ့ နောင်ရေးအတွက်ဆိုပြီး နှစ်ဦးပိုင် ပစ္စည်းတွေကို ဘာမှမယူဘဲ အိမ်ပေါ်ကဆင်းသွားပါတယ်။ အတူနေ အမေကလည်း သမီးကြီးတစ်ယောက်ကို အထွေထွေ ကိုယ်စားလှယ်လွှဲစာ (GP) ပေးထားပါတယ်။ အဲဒီလွှဲစာဟာ ဘယ်အချိန်အထိ သက်တမ်းရှိပါသလဲ၊ ဘယ်အချိန်မှာ လုပ်ပိုင်ခွင့်ကုန်ဆုံးသွားသလဲ၊ အမွေခွဲဝေရာမှာ ပါဝါရထားသူက စီမံပေးသူအဖြစ် အသုံးဝင်မ၀င် ဆိုတာကို သိလိုပါတယ်။ ဖြေ။ အဓိကကတော့ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP) ကို မေးတာတာပေါ့။ အထွေထွေ ကိုယ်စားလှယ်လွှဲစာ ဘယ်အချိန်ထိ သက်တမ်းရှိသလဲ၊ ဘယ်ချိန်မှာ လုပ်ပိုင်ခွင့် ကုန်ဆုံးသွားသလဲ ဆိုတာ ဖြေပါမယ်။ အထွေထွေ ကိုယ်စားလှယ်လွှဲစာဖြစ်စေ၊ အထူးကိုယ်စားလှယ်လွှဲစာ (SP) ဖြစ်စေ၊ ဘယ်လိုပဲပေးပေး ပေးတဲ့သူ (သို့) လက်ခံတဲ့လူက သေဆုံးသွားရင် ဒီကိုယ်စားလှယ်လွှဲစာတွေက အဆုံးသတ်သွားပါတယ်။ ပေးတဲ့သူ (သို့) လက်ခံတဲ့သူ မသေသေးသရွေ့ တရားဝင်သက်တမ်းရှိပါတယ်။ ပဋိညာဉ် ဥပဒေနဲ့လည်း ပတ်သက်နေပါတယ်။ ပါဝါရထားသူက စီမံပေးသူအဖြစ် အသုံးဝင်၊ မ၀င်ဆိုတာ နဲ့ပတ်သက်လို့ အမွေခွဲရာမှာ ကိုယ်စားလှယ်ပါဝါ ရရှိထားသူက ကိုယ်စားလှယ်လွဲစာပေးသူကိုယ်စား စီမံခွင့်ရှိပါတယ်။ ကိုယ်စားလှယ်လွဲပေးသူ စီမံသကဲ့သို့ ပါဝါရရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လွဲစာနဲ့ ပက်သက်လို့ ပဋိညာဉ်ဥပဒေ ပုဒ်မ၂၀၂ ပါပြဓာန်းချက်များနှင့် အညီ ကိုယ်စားလှယ်ပေးသူက ပြန်ရုပ်သိမ်းချင်တယ်ဆိုရင်လည်း ပြန်ရုပ်သိမ်းလို့ရပါတယ်။ သတင်းစာထဲ မှာ ထည့်နိုင်သလို ကိုယ်စားလှယ်လွှဲစာပေးတဲ့ မှတ်ပုံတင်ရုံးမှာ ရုပ်သိမ်းရပါမယ်။ ကိုယ်စားလှယ်လွှဲစာကို ပေးတဲ့အခါမှာ ပေးသူက အရမ်းအရေးကြီးပါတယ်။ သူကိုယ်တိုင်မပေးချင်ရင် သူရဲ့ စီမံခန့်ခွဲမှုသည် ကိုယ်စားလှယ် ပေးခြင်းခံရသူက မရရှိတော့ပါဘူး။ မှတ်ပုံတင်ရုံးမှာ ရုပ်သိမ်းမှသာ ကိုယ်စား လှယ်က ရုပ်သိမ်းမှာဖြစ်တဲ့အတွက် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူက ပြုလုပ်လို့မရပါဘူး။ အဲလိုမှမဟုတ် ဘူးဆိုရင်လည်း စောစောကပြောသလို ပေးတဲ့သူ (သို့) လက်ခံတဲ့လူ မသေသေးသရွေ့ တရားဝင်သက်တမ်းရှိပါတယ်။ မေး။ ကျမက အောင်ဘာလေထီက သိန်းတစ်ထောင်ပေါက်ထားတဲ့သူဖြစ်ပါတယ်။ ထီပေါက်တဲ့ငွေနဲ့ ကားသွားဝယ်တော့ အရောင်းအ၀ယ်စာချုပ်လုပ်ရင် အခွန်ထပ်ဆောင်ရမယ်လို့ပြောပါတယ်။ ကျမသိသလောက် ထီပေါက်တဲ့ငွေနဲ့ ၀ယ်ယူတဲ့ ပစ္စည်းတွေအတွက် အခွန်မဆောင်ရဘူးလို့ သိထားပါတယ်။ ဘယ်ဟာက မှန်သလဲ ဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။ ဖြေ။ အောင်ဘာလေထီလက်မှတ်တွေ နောက်ကျောဘက်မှာ ရေးထားတာရှိပါတယ်။ “ရရှိသည့် စုငွေအပေါ် ဝင်ငွေခွန် ပေးဆောင်ရန်မလိုပါ” ဆိုပြီး ရေးထားပါတယ်။ အစိုးရ အောင်ဘာလေထီ ပေါက်ထားတဲ့သူဟာ တရားဝင် ငွေဖြူရထားတဲ့သူပါ။ နိုင်ငံတော်က တရားဝင် ရရှိထားတာဖြစ်သောကြောင့် အိမ်ခြံမြေ၊ ကား၊ မည်သည့် ပစ္စည်းမဆို ဝယ်ရင် အခွန်ဆောင်စရာမလိုပါဘူး။ မေ။ ကျမက အရပ်ပွဲစားတစ်ယောက်ပါ။ အခန်းအရောင်းအ၀ယ်၊ ငှားရမ်းတဲ့ကိစ္စတွေမှာ စတိုးဆိုင်ဝယ်တဲ့ စာချုပ်နဲ့ပဲ လုပ်လေ့ရှိပါတယ်။ အဲဒီစာချုပ်တွေဟာ ရောင်းမှားဝယ်မှားဖြစ်လို့ ပြဿနာတက်လာရင် တံဆိပ်ခေါင်းခွန် မပြည့်စုံလို့ဆိုပြီး သက်သေခံအဖြစ်က ပယ်ဖျက်ခံရနိုင်ပါသလား။ တရားဝင်ဖြစ်တဲ့ စာချုပ်ဖြစ်အောင် တံဆိပ်ခေါင်းခွန် ဘယ်လောက်တန်ဖိုးရှိတဲ့ စာချုပ်နဲ့ ချုပ်ရမလဲ ဆိုတာ သိလိုပါတယ်။ ဖြေ။ ဘယ်လို့စာချုပ်မျိုးပဲလုပ်လုပ် စတိုးဆိုင်တွေမှာ အသင့်ရိုက်ပြီးသား စာချုပ်တွေကို လွယ်လွယ်ကူကူ ဝယ်ယူပြီး ချုပ်လေ့ရှိပါတယ်။ အဲဒီအခါ ဥပဒေဘောင် ဝင်မဝင်ဆိုတာကို စာချုပ်စာတမ်းဥပဒေ၊ ပစ္စည်းလွဲပြောင်းခြင်း ဥပဒေ၊ ပဋိညာဉ်ဥပဒေ၊ တံဆိပ်တော်ခွန်ဥပဒေတွေနဲ့ အခွန်ဥပဒေတွေမှာပါတဲ့ ပြဋ္ဌာန်းဥပဒေတွေနဲ့ ညီညွတ်ခြင်းမရှိပါဘူးလို့ ဖြေကြားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးသဘောတူစာချုပ်ချုပ်တဲ့အခါမှာ ၂၀၁၄ ခုနှစ် တံဆိပ်ခေါင်းဥပဒေ ပြင်ဆင်တဲ့ အပုဒ် ၅ ၊ အပုဒ်ခွဲ (ဃ) အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်းနဲ့ ချုပ်မှသာ ပြဋ္ဌာန်းဥပဒေအရ တရားဝင်မှာဖြစ်ပါတယ်။ သဘောတူညီမှုစာချုပ်တွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီမှာ အသင့်ရိုက်ပြီးသားစာချုပ်တွေဟာ ပုံစံတူဖြစ်တယ်။ ဒါပေမယ့် ချုပ်ဆိုတဲ့ သူတွေဟာ အကြောင်းအချင်းရာ ကွဲပြားမယ်။ ဒါကြောင့် ပုံစံတူစာချုပ်တွေဟာ အကြောင်းချင်းရာ ကွဲပြားမှု မပါသည့်အတွက် ပြဿနာပေါ်ပေါက်လာရင် ဖြေရှင်းရခက်ပါတယ်။ အဲဒီအတွက်ကြောင့် စာချုပ်အမျိုးအစားသည် တခုနှင့်တခု တူချင်မှ တူမှာပါ။ အကြောင်းချင်းရာလည်း တူချင်မှတူမှာပါ။ စောစောကပြောထားတဲ့ ဥပဒေတွေနဲ့ ဘောင်ဝင်အောင် ချုပ်ဆိုသင့်တယ်လို့ အကြံပြုပါတယ်။ နောက်တခုက မရွှေ့မပြောင်းနိုင်တဲ့ ဥပဒေလွှဲပြောင်းခြင်းတို့၊ ရောင်းဝယ်ခြင်းစာချုပ်တို့၊ စွန့်လွှတ်စာချုပ်တို့၊ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်တို့ကိုလည်း ဥပဒေအရ ချုပ်ဆိုတဲ့နေရာမှာ ကွာဟချက်တွေ ရှိတဲ့အတွက်ကြောင့် အကြံပေးချင်တာက တံဆိပ်တော်ခွန် ၃၅ တံဆိပ်ခေါင်း ထမ်းဆောင်ခြင်း မရှိတဲ့ စာချုပ်စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံခွင့်မရှိဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဘာကိစ္စပဲဖြစ်ဖြစ် ဥပဒေပညာရှင်များနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သင့်ကြောင်း အကြံပေးလိုပါတယ်။ မေး။ စာချုပ်တစ်ခုခုချုပ်ဆိုတဲ့အခါ အသိသက်သေ ဘယ်နှစ်ယောက် လက်မှတ်ထိုးရမလဲ။ ကျေးလက်ဒေသတွေမှာ စာမတတ်လို့ လက်မနှိပ်ထားတဲ့ စာချုပ်တွေက တရားဝင်ပါသလား။ သက်သေမရှိဘဲ ချုပ်ဆိုထားတဲ့ ငွေချေးစာချုပ် ဒါမှမဟုတ် ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းဟာ တရားဝင်ရဲ့လားဆိုတာ သိလိုပါတယ်။ ဖြေ။ နှစ်ဦးသဘောတူ ကတိစာချုပ်တွေ၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း စာချုပ်တွေ ချုပ်ဆိုတဲ့နေရာမှာ အကြောင်း ခြင်းရာတွေ မှန်ကန်ကြောင်း၊ ချုပ်ဆိုတဲ့နေရာမှာလည်း တစုံတယောက်ရဲ့ တိုက်တွန်း၊ နှိုးဆော်၊ မလျှော်သြဇာတွေသုံးခြင်း၊ ကျန်းမာ ချမ်းသာနေတဲ့အချိန်မှာ စသဖြင့် ဒါတွေကို သိရှိပါတယ်ဆိုတဲ့ အသိသက်သေနှစ်ဦး လိုပါတယ်။ အသိသက်သေမရှိဘဲနဲ့ ချုပ်ဆိုတယ်ဆိုရင် စာချုပ်မှန်ကန်မှုရှိ မရှိဆိုတာလည်း အတိအကျ မပြောနိုင်ပါဘူး။ တချို့က တရားရုံးရောက်တော့မှ ကျနော်ကတော့ မကျန်းမာနေတဲ့အချိန်၊ သတိကောင်းကောင်း မရှိတဲ့အချိန်မှာ လက်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ရပါတယ် စသဖြင့် ငြင်းတတ်ပါတယ်။ နောက်တစ်ချက်က တယောက်ယောက်က မလျှော်သြဇာသုံးပြီး တိုက်တွန်းလို့၊ ဖိနိပ်လို့ ဆိုပြီး ဖြစ်နိုင်တဲ့အ တွက်ကြောင့် သက်သေနှစ်ဦးကတော့ ရှိဖို့ကို လိုပါတယ်။ ပစ္စည်းလွဲပြောင်းရေး ဥပဒေပုဒ်မ ၁၂၃ အရ မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်းကို ပေးကမ်းလျှင် အနည်းဆုံး သက်သေနှစ်ဦးနဲ့ မှတ်ပုံတင်ဖို့ လိုအပ်ရင်လည်း စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင်ပေးဖို့ ပြဋ္ဌာန်းထားတာလည်း ရှိပါတယ်။ သက်သေက အနည်းဆုံးနှစ်ယောက်ရှိပါမယ်။ ပိုရင်လည်းရပါတယ်။ နောက်တချက်က  ကျေးလက်ဒေသတွေမှာ စာမတတ်လို့ လက်မ၊ လက်ဗွေနဲ့ နှိပ်တယ်၊ လက်မှတ်ထိုးတယ်၊ ကြက်ခြေခတ်တယ် စသဖြင့် ပြုလုပ်ထားလေ့ရှိပါတယ်။ စာချုပ်စာတမ်းရဲ့ သဘောတရားအရ မှတ်ပုံတင်ပြုလုပ် ရမယ် ဆိုရင် မှတ်ပုံတင်ပြုလုပ်မှသာ စာချုပ်စာတမ်းက တရားဝင်ဖြစ်ပါလိမ်မယ်။ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေပုဒ်မ ၁၇၊ ၁ (ခ) အရ ချုပ်ဆိုရပါမယ်။ အထူးသဖြင့် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ရောင်းချမယ်၊ ပေါင်နှံမယ်၊ ငှားရမ်းမယ်ဆိုရင်  မှတ်ပုံတင်စာချုပ် ချုပ်ဖို့ လိုအပ်ပါတယ်။   နောက်တချက် ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းဟာ တရားဝင်ရဲ့လားဆိုတဲ့မေးခွန်းကို ဖြေရရင် ငွေချေးစာချုပ်တွေကို သက်သေမရှိဘဲနဲ့ ချေးငှားလေ့ရှိပါတယ်။ သက်သေမပါဘဲနဲ့ ဗလာစာရွက်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးတွေရှိပါတယ်။ နောက်သက်သေတွေနဲ့လည်း ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးတာတွေ ရှိပါတယ်။ ဗလာစာရွက်ဆိုတာ တံဆိပ်ခေါင်းမရှိတဲ့အတွက် အထောက်အထားအနေနဲ့ ရှိနေမယ်ဖြစ်ပြီး ပဋိညာဉ် ဥပဒေအရ သက်သေခံအဖြစ်နဲ့ တရားရုံးမှာ စိတ်ချလက်ချ သုံးလို့မရပါဘူး။ တံဆိပ်တော်ခွန်ဥပဒေ ပုဒ်မ ၃၅ အရ သက်သေခံမဝင်သလို၊ တရားဝင် စာချုပ်စာတမ်းလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ဥပဒေဘောင်ဝင်အောင် သက်သေနှစ်ယောက်နဲ့၊ စာချုပ်စာတမ်း တံဆိပ်တော်ခွန် လုံလုံလောက်လောက်နဲ့ချုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024