Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသားညီလာခံကို အစိုးရအဖွဲ့ဝင်များ တက်ရောက်မည်
နန်းမြနဒီ
·
November 5, 2012
ရှမ်းလက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းနိုင်ငံရေးပါတီတွေအပါအ၀င် ကဏ္ဍစုံပါဝင်မယ့် ရှမ်းတိုင်းရင်းသား ညီလာခံတခုကို ဒီလကုန်ပိုင်းမှာ ကျင်းပဖို့ရှိပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်းနဲ့ သမ္မတရုံးဝန်ကြီး ၂ ဦး တက်ရောက်မှာ ဖြစ်ပါတယ်။ ညီလာခံမတိုင်ခင် နယ်ပေါင်းစုံက ပြည်သူတွေရဲ့ သဘောထား ကောက်ခံသွားမှာ ဖြစ်ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီ ၂ ခု၊ ရှမ်းလူငယ်၊ ရှမ်းအမျိုးသမီး၊ စာပေယဉ်ကျေးမှု၊ လူမှုရေး စတဲ့ အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ အနည်းဆုံးပါဝင်မယ်လို့ သိရပါတယ်။ အဲဒီညီလာခံမှာ ကျွမ်းကျင်သူပညာရှင်တွေက အစိုးရနဲ့ ပြည်သူတွေကြား ယုံကြည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဟောပြောဖို့ ရှိနေတာပါ။ ဟောပြောမယ့် အကြောင်းအရာတွေနဲ့ ပြည်သူ့သဘောဆန္ဒတွေ ကိုက်ညီမှု ရှိ မရှိ ချိန်ထိုးကြည့်နိုင်ဖို့အတွက် ညီလာခံကျင်းပရေးအလုပ်အမှုဆောင်အဖွဲ့က မနက်ဖြန်ကစပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ ရှမ်းလူမျိုး အများစုနေထိုင်ရာ ဒေသတွေဆီ ကွင်းဆင်းလေ့လာမယ်လို့ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ “အဲဒီညီလာခံမှာ လာရောက် တင်ပြဖို့ ပြည်သူတွေရဲ့အသံ၊ ပါတီအပေါ် ပြည်သူတွေဘယ်လိုမြင်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ။ နောက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ၂ ဖွဲ့၊ ၃ ဖွဲ့ ကွဲနေတယ်။ အဲအပေါ်မှာ ဘယ်လိုမြင်လဲ။ သူတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအပေါ်မှာ ပြည်သူတွေ ဘယ်လို သဘောထားရှိသလဲ စသဖြင့်ပေါ့။ နောက် အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်အပေါ် စစ်တမ်း ဆင်းကောက်ဖို့ လုပ်နေပါတယ်။ စစ်တမ်းဆင်းဖို့က လောလောဆယ် သင်တန်းဆရာတွေလွှတ်မယ်၊ သူတို့လာတက်မယ်။ အနည်းဆုံး ၄ ဖွဲ့လောက် ခွဲဆင်းပါမယ်။” ဒီလ ၁၈ ရက်နေ့အပြီး သဘောထားကောက်ယူမှာဖြစ်ပြီး ညီလာခံကို နိုဝင်ဘာနောက်ဆုံးပတ်မှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒီညီလာခံကို ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကို ဖိတ်ကြားရာမှာ လက်ခံသဘောတူတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ ညီလာခံကနေ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ ဘုံသဘောတူချက်ရပ်ကို ဖော်ထုတ်သွားမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ ရှမ်းတွေလည်း တတပ်တအား ပါဝင်အားဖြည့်ကူညီမယ်လို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။ ရှမ်းညီလာခံ အောင်အောင်မြင်မြင် ပြီးဆုံးသွားရင် နောက်တဆင့်အနေနဲ့ ရှမ်းပြည်နယ် တခုလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းအားလုံးပါဝင်တဲ့ ညီလာခံကြီး ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားပြည်သူတွေကြားမှာ  နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ပြီးမှ ငြိမ်းချမ်းရေးရလာမှာဖြစ်ပြီး ငြိမ်းချမ်းရေးရမှ  နိုင်ငံရေးပြဿနာတွေ ဆွေးနွေးအဖြေရှာနိုင်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ ပထမဆုံးအကြိမ် ရှမ်းတိုင်းရင်းသားညီလာခံကြီးကို ရှမ်းနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးဆောင်ရွက်နေ တာဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေးဖို့ သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို တောင်းဆိုခဲ့တဲ့အပေါ်မှာ အခုလို အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ပါတီပြောခွင့်ရက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024