အသက် ၁၀၀ ကျော်အထိ ဆေးကုပေးနေသည့် ပီးရူးနိုင်ငံက ဆရာဝန်ကြီး

1K
ပီရူးနိုင်ငံ လီမာမြို့မှာ ဆရာဝန်ကြီးတယောက်ဟာ အသက် ၁၀၀ ကျော်တဲ့အထိ နေ့တိုင်း ဆေးရုံကို ပုံမှန်လာပြီး လူနာတွေကို ဆေးကုပေးနေပါတယ်။
ဒေါက်တာ ရာဟူး ဟယ်ရီဟာ တခြား ဆရာဝန်တွေလိုပဲ မနက်တိုင်း ဆေးရုံကို ရောက်လာပြီး လူနာတွေကို လှည့်လည်စစ်ဆေးတဲ့အပြင် ဆရာဝန်လူငယ်တွေကိုလည်း အကြံပေး ဆွေးနွေးတာတွေ ပုံမှန်လုပ်နေဆဲပါ။
ဒါပေမယ့် တခြားဆရာဝန်တွေနဲ့ မတူတာကတော့ ဒေါက်တာ ဂျယ်ရီဟာ အသက် ၁၀၀ ကျော်ပါပြီ။ အသက်အရွယ်ကြီးလာပေမယ့်လည်း အချိန်ရာစုနှစ်တခုက လူနာတွေကို ဆေးကုသတဲ့ သူ့ရဲ့ ၀ါသနာကို နှောင့်နှေးအောင် မပြုလုပ်နိုင်ပါဘူး။ ဒေါက်တာ ဟယ်ရီဟာ သူအသက် ၁၂ နှစ်အရွယ်ကတည်းက ဆရာဝန်လုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ပြောပါတယ်။
“နာမကျန်းဖြစ်တဲ့ လူတယောက်ကို ကယ်တင်နိုင်တဲ့ အလုပ်က ဘယ်လောက်ထူးခြားကောင်းမွန်တယ်ဆိုတာ ကျနော်နားလည်ခဲ့တယ်။ အဲဒါက ကျနော့် အသက် ၁၂ နှစ်အရွယ်မှာ ဆေးပညာကို လေ့လာဖို့ တွန်းအားတခု ဖြစ်ခဲ့တယ်။” လို့ ဒေါက်တာ ရာဟူး ဟယ်ရီက ပြောပါတယ်။
ဒေါက်တာ ဟယ်ရီဟာ အမြဲနည်းစနစ်တကျ လုပ်ကိုင်တတ်သလို သူ့ရဲ့ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကိုလည်း အမြဲ စည်းစနစ်တကျ ဂရုစိုက်တာကြောင့် အသက် ၁၀၀ ကျော်တဲ့ထိ အခုလို အလုပ်တွေ လုပ်နိုင်တာပါလို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တယောက်က ပြောခဲ့ပါတယ်။
လက်ရှိမှာ ဒေါက်တာ ဟယ်ရီဟာ ပီရူးနိုင်ငံ လီမာမြို့က အမျိုးသားဆေးရုံတရုံမှာ စိတ်ရောဂါနဲ့ အာရုံကြောဆိုင်ရာ အထူးကု ဆရာဝန်တယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
Second of May National Hospital လို့ အမည်ရတဲ့ အဲဒီဆေးရုံဟာ ၁၅၅၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ပီရူးနိုင်ငံရဲ့ သက်တမ်းအကြာဆုံး ဆေးရုံတခုဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။