၂၁ ရာစု ပိုးလမ်းမကြီးကို ပထဝီဝင် နိုင်ငံရေးအရ ရှုမြင်ခြင်း

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကစပြီး ဒီလမ်းမကြီးကပဲ အရပ်ရပ်ယဉ်ကျေးမှုတွေ ဖလှယ်ခဲ့ကြတယ်။ အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းတလျှောက် ဒီလမ်းမကြီးကပဲ ကုန်ပစ္စည်း အရောင်းအဝယ် လုပ်ခဲ့ကြတာ။ ပါရှန်းကော်ဇောတွေ။ အိန္ဒိယ ဟင်းခတ်အမွေးအကြိုင်တွေ၊ တရုတ်ပိုးထည်တွေ နေရာအနှံ့ ရောက်ခဲ့တာပေါ့။ တရုတ်ပိုးထည်တွေ ဖလှယ်ရာကနေ SILK ROUTE ပိုးလမ်းကြီးဆိုပြီး ကင်ပွန်းတပ်ခဲ့ကြတယ်။ ပိုးလမ်းမကြီးဟာ အရှည်မိုင် ၄၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဟိုရှေးရှေးတုန်းက ကမ္ဘာ့အရှည်ဆုံး ကုန်သွယ်လမ်းကြောင်း ဖြစ်ခဲ့တယ်။ ဒီလမ်းကြောင်းကပဲ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေးတွေနဲ့အတူ စီးပွားရေးတွေ ဝတ်မှုန်ကူးခဲ့ကြတာ။ ဒီလမ်းကြောင်းကပဲ စစ်ချီရာလမ်းကြောင်းလည်း ဖြစ်ခဲ့တယ်။ ၁၃ ရာစု မွန်ဂိုဘုရင် နယ်ချဲ့ရာ လမ်းကြောင်းဆိုလည်း မမှားပေဘူးပေါ့။ ဗင်းနစ်မြို့သား မာကိုပိုလို လျှောက်ခဲ့တဲ့လမ်း။ ပုဂံတောင် ရောက်တယ်လို့ ဆိုတယ်။ အရှေ့ဥရောပတလွှားမှာ လူဝါတွေ လူတွင်ကျယ်လုပ်ခဲ့ရာက အခုချိန်ထိ အာဖဂန်နစ္စတန်တွေ၊ ရုရှား ကော့ဆက်တွေဟာ လူဝါတွေ့ရင် ထိတ်လန့်နေဆဲ ရှိသေးတယ်လို့ ဆိုစမှတ်ပြုရတယ်။ ဒါပေမယ့် အေဒီ ၁၅ ရာစုထဲ အရောက် ရေကြောင်းလမ်းခရီး တွင်ကျယ်လာတော့ ပိုးလမ်းမကြီးလည်း လှည်းသံတွေ၊ ကုလားအုပ်ဟစ်သံတွေ ပျောက်ကွယ်သွားခဲ့တယ်။ တပြိုင်တည်း ပထဝီဝင်နိုင်ငံရေး (Geopolitic) လည်း ပြောင်းလဲသွားပါတော့တယ်။ ရပ်ဇယ်ရဲ့ ကုန်းမြေအခြေပြုနိုင်ငံ (Land Powre) နဲ့ ပင်လယ်အခြေပြုနိုင်ငံ (Sea Powre) များ အားပြိုင်ကြလိမ့်မယ် ဆိုစကားအတိုင်း ပိုးလမ်းမကြီးထက် ရေလမ်းခရီးက ပိုမိုကျယ်ပြန့်လို့ ခရီးတွင်ကျယ်လာခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ပိုးလမ်းမကြီးမှာ ကုန်သွယ်မှု၊ ခရီးသွားလာမှုတို့ နှစ်ပေါင်း ၅၀၀ ကျော်ထိ ဆိတ်သုဉ်းသွားခဲ့ပါတော့တယ်။ ဒီနေရာမှာ ပထဝီဝင် နိုင်ငံရေးပညာရှင် မဟန်း အယူအဆအချို့ကို ကြည့်ရင် “နိုင်ငံအင်အားဟာ ကုန်းမြေ အကျယ်အဝန်းပေါ် မူမတည်။ ကမ်းရိုးတန်းအလျားနဲ့ ဆိပ်ကမ်းကောင်းများ ရှိခြင်းအပေါ်တွင်သာ မူတည်သည်” လို့ ဆိုခဲ့ဖူးတယ်။ ပစိဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယသမုဒ္ဒရာတို့ဟာ ကမ္ဘာမှာ အရေးပါတဲ့ လမ်းကြောင်းတွေ ဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်မှာ သက်သေပြနိုင်ခဲ့သလို စီးပွားကူးသန်းမှာလည်း ပင်လယ်ပြင်တွေ အခန်းဟာ အရေးကြီးလာခဲ့တယ်။ ပိုးလမ်းမကြီးကို အခြေခံပြီး ပထဝီနိုင်ငံရေး အပြောင်းအလဲကို အစပြု မြင်သိခဲ့တာက ဂျပန်လို့ ဆိုရမှာပါ။ နှစ်ဆယ်ရာစုနှောင်းပိုင်း ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ပိုးလမ်းမကြီး ဖော်ထုတ်ရေးကို သုတေသန ပြုခဲ့ကြတယ်။ အဲ့ဒီအချိန်က ရန်ကုန်ရောက်လာတဲ့ သုတေသန ပညာရှင်တချို့နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဆုံခဲ့ဖူးတယ်။ သူတို့ထဲက ပညာရှင်တယောက်က ပိုးလမ်းမကြီး ပြန်လည်ဖော်ထုတ်နိုင်ရင် ပထဝီနိုင်ငံရေး အပြောင်းအလဲတခုကို ရောက်သွားနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။ နောက်တော့ သူတို့လည်း ထပ်ပေါ်မလာတော့သလို ပိုးလမ်းမ ပြန်လည်ဖော်ထုတ်ရေး သုတေသနအသံလည်း ပျောက်သွားခဲ့တယ်။ အခုတချိန် တရုတ်ရဲ့ နှစ်ဆယ့်တစ်ရာစု ပိုးလမ်းမကြီးဆိုပြီး တကျော့ပြန်လည် ကြားလာရပြန်ပါတယ်။ အချို့ကလည်း ခေတ်သစ်ပိုးလမ်းမကြီးလို့ ခေါ်ကြသလို တရုတ်တို့ရဲ့ ရပ်ဝန်းတခု လမ်းတခု One Belt, one road (OB OR) စီမံကိန်းလို့လည်း ခေါ်ကြတယ်။ နောက်ပိုင်းတော့ ရှီကျင့်ဖျင်က one ဆိုတဲ့အပေါ်မှာ အထင်လွဲမှားမှုတွေ ဖြစ်ပေါ်မှာ စိုးရိမ်တဲ့အတွက် one ကိုဖယ်ပြီး Belt & Road initiative (BRI) လို့ အမည်ပြောင်းခဲ့ပါတယ်။ ၂၀၁၆ မှာ အမည်ပြောင်းခဲ့တာ။ ဘယ်လိုပဲ အမည်ပြောင်းပြောင်း ပိုးလမ်းသစ်ကြီးဟာ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့ အားလုံးပါဝင်နိုင်တဲ့ မဟာစီမံကိန်းတရပ်လို့ ဆိုပါတယ်။ ရပ်ဝန်းတခု လမ်းကြောင်းတသွယ်ကို ၂၀၁၃ ခုနှစ်မှာ ရှီကျင့်ဖျင်က စတင်ပြီး ကမ္ဘာကို ချပြခဲ့တာ။ ၂၀၁၆ ထဲရောက်တာ့ ပထမအကြိမ် ဆွေးနွေးပွဲကို ဘေဂျင်းမှာ ကျင်းပခဲ့တယ်။ အဲ့ဒီမှာပဲ BRI အဖြစ် ပြောင်းခဲ့တာ။ နိုင်ငံပေါင်း ၃၆ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ နိုင်ငံပေါင်း ၆၀ ကျော် ပါဝင်လာခဲ့တယ်။ ၂၀၁၇ မှာ ပထမအကြိမ် BRI ဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ် နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲပါ။ နိုင်ငံပေါင်း ၃၇ နိုင်ငံက ခေါင်းဆောင်တွေ အပါအဝင် လူငါးထောင်ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ BRI နဲ့ပတ်သက်ပြီး ဝေဖန် သုံးသပ်ကြတာတွေလည်း ရှိသလို ထောက်ခံဆွေးနွေးကြတာတွေလည်း ရှိပါတယ်။ အဓိက ဝေဖန်ကြတာကတော့ ပိုးလမ်းမကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ထိခိုက်မှာတွေ။ တရုတ်ကြွေးမြီ ထောင်ချောက်ထဲက ရုန်းမထွက်မှာတွေ။ တရုတ်သြဇာ လွှမ်းမိုးမှု ကျယ်ပြန့်လာနိုင်တာတွေ။ တရုတ်ရဲ့ စီးပွားရေးနယ်ချဲ့မှုတွေ ပိုတိုးလာနိုင်တာတွေကို ဝေဖန်လာကြတယ်။ ဒါတွေကို ရှီကျင့်ဖျင်က ပြန်ချေပရာမှာ Open, Green and Clean ဆိုပြီး ပွင့်လင်းမြင်သာမှု၊ ပတ်ဝန်းကျင်မထိုက်စေမှုနဲ့ အဂတိကို လုံးဝသည်းခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်။ သူက “အပြန်အလှန်ဆွေးနွေး၊ အားလုံးပူးပေါင်းဆောင်ရွက်၊ အကျိုးအမြတ်ကို မျှဝေစား” ဆိုတဲ့ ဆောင်ပုဒ်ကို အခြေပြုတယ်လို့ ဆိုပါတယ်။ တရုတ်ကတော့ နိုင်ငံအားလုံး အကျိုးအမြတ်ကို မျှဝေသုံးစွဲကြရမှာဖြစ်ကြောင်း။ ပါဝင်သူ နိုင်ငံအားလုံး အကျိုးရှိစေမှာဖြစ်ကြောင်းကို အထပ်ထပ် ပြောဆိုခဲ့ပါတယ်။ နိုင်ငံပေါင်း ၆၀ ကျော်နဲ့ စီးပွားရေးစင်္ကြံလမ်း ၆ ခု ပါဝင်သော်လည်း BCIM ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာစင်္ကြံလမ်းကိုတော့ ဒီတကြိမ်တွေ့ဆုံပွဲမှာ ဖြုတ်ချထားခဲ့ပါတယ်။ မြန်မာ-တရုတ် စင်္ကြံလမ်းကတော့ ဆက်လက်ပါဝင်နေခဲ့ပါတယ်။ ၂၁ ရာစု ပိုးလမ်းမကြီးနဲ့အတူ စင်္ကြံလမ်းတလျှောက်မှာ ရထားလမ်း ကားလမ်းနဲ့ အခြေခံအဆောက်အုံတွေ ပါရှိမှာပါ။ ကုန်ကျငွေဟာ ထရီလျံနဲ့ ချီပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ အတွက်ကတော့ တရုတ်ရဲ့ချေးငွေနဲ့ လည်ပတ်ကြရမှာ။ အဲဒီငွေကြေးစီမံမှုမှာ စိုးရိမ်စရာတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ သီရိလင်္ကာ ရေနက်ဆိပ်ကမ်းရဲ့ ကြွေးမြီကြောင့် ဆိပ်ကမ်းတခုလုံး ၉၉ နှစ်ကြာစာချုပ်နဲ့ စီမံခန့်ခွဲမှုကို ပေးအပ်လိုက်ရပါတယ်။ ဒါကြောင့်လည်း ရပ်ဝန်းတခု လမ်းကြောင်းတသွယ်ဟာ ကြွေးမြီထောင်ချောက် ဖြစ်သွားမှာကို စိုးရိမ်နေကြခြင်းပါ။ ၂၁ ရာစု ပိုးလမ်းမကြီးဆိုပေမယ့် ရေလမ်း ကုန်းလမ်း နှစ်သွယ်ပါရှိတဲ့ စီမံကိန်းကြီးပါ။ ကုန်းလမ်းကတော့ တရုတ် အရှေ့ဘက်အခြမ်းကနေ ဥရောပတိုက် အနောက်ဘက်ခြမ်း Rottredam ထိ ကုန်းလမ်း ကုန်သွယ်ရေးလမ်းကြီး။ အလွန်ရှည်လျားတဲ့ လမ်းပေါ့။ ဒါကိုပဲ One Belt လို့ဆိုတာပါ။ One Road ကတော့ တရုတ်အရှေ့ဘက်ကမ်းခြေကနေ တောင်တရုတ်ပင်လယ်။ အနောက်အရပ် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး ဥရောပ အရှေ့ဘက်ကမ်းအထိ ပေါက်မယ့် ရေကြောင်းကုန်သွယ်ရေး လမ်းကြီးလို့ ဆိုပါတယ်။ ရပ်ဝန်းတခုဆိုတာက တရုတ်ကနေ အနောက်ဘက်ကို ဦးတည်တဲ့ ကားလမ်း၊ ရထားလမ်းတွေ ဖြစ်တယ်။ နောက် ရေလမ်းကြောင်းကလည်း တောင်ဘက်နဲ့ အနောက်ဘက်ကို ဦးတည်တဲ့ ပင်လယ်လမ်းကြောင်းပါ။ တကယ်တော့ စီးပွားကုန်သွယ်လမ်းကြောင်း ရပ်ဝန်းဆိုပေမယ့် နိုင်ငံရေးပထဝီဝင်အရ Land Power နဲ့ Sea Power (ပင်လယ်ပြင်နဲ့ ကုန်းမြေ) နှစ်ခုစလုံး ပိုင်စိုးနိုင်မှုအတွက် အစီအမံလည်း ဖြစ်နိုင်ပါတယ်။ တကယ်လည်း ဒီစီမံကိန်း အကောင်ထည်ပေါ်လာရင် ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာနှစ်စင်းဖြစ်တဲ့ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်စင်းလုံးဟာ တရုတ်တို့ အသုံးပြု လွှမ်းမိုးရာ ဖြစ်ကောင်းဖြစ်နိုင်မယ့် အရိပ်အကင်းတွေ မြင်တွေ့လာရပါတယ်။ အိန္ဒိယ သမုဒ္ဒရာကနေ မြေထဲပင်လယ်အထိ ထိုးဖောက်ဖို့က မြန်မာတို့ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ အဓိကကျနေပြန်ပါတယ်။ ပါကစ္စတန် အနောက်တောင်ပိုင်းက ဂွါဒါ (Gwadar) ရေနက်ကမ်းဟာလည်း တရုတ်တို့အတွက် မဟာဗျူဟာကျတဲ့ ရေနက်ဆိပ်ကမ်းပါပဲ။ ဂွါဒါရေနက်ဆိပ်ကမ်းကနေ အာရေဗီယံပင်လယ်ကို အရောက်လှမ်းနေတယ်။ တရုတ်ပြည် ရှင်ကျန်းပြည်နယ် “ကက်ရှဂါ” (Kash Gar) ကနေ အာရေဗီယန် ပင်လယ်အထိ ခရီးဆန့်နိုင်တဲ့ လမ်းကြီးပေါ့။ ရပ်ဇယ်ပြောသလိုပဲ ပစိဖိတ်သမုဒ္ဒရာဟာ အနာဂတ်ရဲ့ သမုဒ္ဒရာ ဖြစ်ခဲ့သလို အိန္ဒိယ သမုဒ္ဒရာဟာလည်း အနာဂတ်ဖြစ်ရုံမက ဒုတိယကမ္ဘာစစ်အတွင်းကလည်း အရေးပါ အရာရောက်တဲ့ သမုဒ္ဒရာ ဖြစ်ခဲ့တာပါပဲ။ ပစိဖိတ်ရဲ့ အနောက်ကမ်းမှာ ရုရှား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့ တည်ရှိတယ်။ ပစိဖိတ်အရှ့ဘက်ကမ်းကျတော့ အမေရိကန်နဲ့ ကနေဒါတို့ တည်ရှိတယ်။ အိန္ဒိသမုဒ္ဒရာကတော့ တချိန်က ဗြိတိသျှရေအိုင်လို့တောင် တင်စားခဲ့ကြတယ်။ တရုတ်တို့ရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီဟာ စီးပွားရေးသာမက စစ်ရေးအရပါ မဟာဗျူဟာ ကျနေတာကို ဘယ်သူမှ ငြင်းမရနိုင်ပေဘူး။ တရုတ်တို့ရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီအတွက်ဆိုရင် မြန်မာတို့ရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ အလွန်အရေးပါတဲ့ အခြေအနေမှာ ရောက်နေတာကို တွေ့ရတယ်။ ကျောက်ဖြူကြောင့် မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ခရီးတိုသွားနိုင်ခြေ ရှိပါတယ်။ ဒီလို ပိုင်စိုးနိုင်ခဲ့ရင် တချိန်က အမေရိကန်တို့ရဲ့ (Containment Policy) လို့ခေါ်ခဲ့တဲ့ “ထိန်းချုပ်ရေးဝါဒ” ဟာ တရုတ်တို့လက်ထဲ အချိန်မရွေး ရောက်ရှိသွားနိုင်တာကိုလည်း ကမ္ဘာ့ပထဝီဝင် နိုင်ငံရေးပညာရှင်တွေကြားမှာ အဖြေရှာနေကြမှာ အသေအချာပါ။ ဒါဟာ ရေကြောင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကြည့်တာ။ ဒါပေမယ့် တရုတ်တို့ရဲ့ ကုန်းလမ်းမကြီးကို ကြည့်ရင် ရပ်ဇယ်ရဲ့ ကုန်းမြေအခြေပြု နိုင်ငံတွေက နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်ဆိုတဲ့ ဟောကိန်းကိုလည်း တရုတ်တို့ မကျန်အောင် စဉ်းစားခဲ့ပြီးပုံ ရပါတယ်။ ဒါကြောင့် ပိုးလမ်းမကြီးတလျှောက်ကို ပြန်လည်ဖော်ထုတ် တိုးချဲ့ဖို့ စိုင်းပြင်းခဲ့တာပါ။ တကယ်တော့ တရုတ်တို့ဟာ ပထဝီဝင် နိုင်ငံရေးပညာရှင် မဟန်းနဲ့ ရပ်ဇယ်တို့ရဲ့ မတူညီတဲ့ အမြင်နှစ်ခုဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာ သီအိုရီနဲ့ ကုန်းမြေအခြေပြု သီအိုရီနှစ်ခုကို ပေါင်းစည်းပြီး ရပ်ဝန်းတခု လမ်းကြောင်းတသွယ် (Belt & Road Initiative) BRI ကို ဖန်တီးလိုက်တာပါပဲ။ ဒီစီမံကိန်းကို ကျောထောက်ပေးမှာက စင်္ကြံလမ်း ၆ သွယ်ပါ။ ဒီစင်္ကြံလမ်း ၆ သွယ်ရဲ့ ပထဝီဝင် နိုင်ငံရေးကလည်း သီးခြားလေ့လာရမယ့် မဟာဗျူတခုပါပဲ။ အခုတော့ ဒီလောက်နဲ့ပဲ နားပါဦးမယ်။ ထွန်းဇော်ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up