A d v e r t i s e m e n t With Us

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ ဇေယန်မလစ်ခ် သီဆိုသည့် အာလာဒင် ဇာတ်ဝင်တေး (ရုပ်သံ)

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ အဆိုတော် ဇေယန်မလစ်ခ် (Zayn Malik) နဲ့ အမေရိကန် ဆယ်ကျော်သက် အဆိုတော်ကောင်မလေး ဇာဗီယာဝါ့ဒ် (Zhavia Ward) တို့ သီဆိုထားကြတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဟာ လတ်တလော ပရိသတ်တွေကြား ရေပန်းစားနေပါတယ်။ သူတို့ ၂ ယောက်ဟာ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ ဒစ္စနေးက ထုတ်လုပ်လိုက်တဲ့ အာလာဒင် (Aladdin) ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ A Whole New World သီချင်းကို အတူသီဆိုထားကြတာပါ။ ဟောလိဝုဒ် စွန့်စားမှု ဂီတဇာတ်မြူး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ Guy Ritchie က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။ မကြာခင်မှာ ရုပ်ရှင်အဖြစ် ကြည့်ရှုရမယ့် ဒီရုပ်ရှင်ကားဟာ ၁၉၉၂ ခုနှစ်က အန်နီမေးရှင်း ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိထားပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို သရုပ်ဆောင်တွေနဲ့ အသစ်တဖန် ပုံဖော်ရိုက်ကူးထားတာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် အာလာဒင် နေရာမှာတော့ ကနေဒါ သရုပ်ဆောင်မင်းသား Mena Massoud က ပါဝင်ထားပြီး နာမည်ကြီး အမေရိကန်ရက်ပ်ပါ သရုပ်ဆောင်မင်းသား Will Smith ကတော့ မီးခွက်စောင့်ဘီလူး Genie အဖြစ် ပါဝင်ထားပါတယ်။ မင်းသမီးလေး ဂျက်စမင်နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Naomi Scott တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ အစပိုင်းတုန်းကတော့ ဒီကားထဲမှာပါဝင်တဲ့ Genie ဇာတ်ကောင်နေရာမှာ Will Smith သရုပ်ဆောင်မယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇာတ်ကားနမူနာ ထွက်ရှိလာချိန်မှာတော့ ပြောင်မြောက်တဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ကြတာပါ။ ဂရမ်မီဆု အပါအဝင် ထူးချွန်ဆုတွေ ရရှိခဲ့တဲ့ A Whole New World ဇာတ်ဝင်သီချင်းဟာ မူရင်းရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်ပြီး ခုတခါမှာတော့ ဇေယန်မလစ်ခ်နဲ့ ဇာဗီယာဝါ့ဒ်တို့ရဲ့ သီဆိုမှုပုံစံနဲ့ ပရိသတ်တွေ နားဆင် ရှုစားကြရမှာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဇေယန်မလစ်ခ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ ဗြိတိန်နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The X Factor သီချင်းဆိုပြိုင်ပွဲကတဆင့် အနုပညာလောကထဲ ရောက်ရှိလာခဲ့သူဖြစ်ပြီး လူငယ် အမျိုးသားတေးဂီတအဖွဲ့ One Direction နဲ့အတူ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူက အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး တကိုယ်တော် သီဆိုလှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ် Mind of Mine ဟာ တဟုန်ထိုး နာမည်ကြီးခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်မှာ အရောင်းရဆုံး ဗြိတိန်အမျိုးသား တကိုယ်တော်တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် အမေရိကန် ဆယ်ကျော်သက် အဆိုတော် ကောင်မလေး ဇာဗီယာဝါ့ဒ်ကတော့ အမေရိကန် ရုပ်သံသီချင်းဆိုပြိုင်ပွဲ The Four ရဲ့ စင်မြင့်ကနေတဆင့် နာမည်ကြီးလာခဲ့သူဖြစ်ပြီး Candlelight၊ Deep Down နဲ့ 100 Ways သီချင်းတွေဟာ ထင်ရှားပါတယ်။ လတ်တလောမှာတော့ သူတို့ ၂ ယောက် သီဆိုထားတဲ့ A Whole New World ဇာတ်ဝင်တေးဟာ ယူကျုပေါ်မှာ တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up