သံသယဖြင့် ဖမ်းဆီးသူများအား ဥပဒေနှင့်အညီစစ်ဆေးရေးအဆို ရခိုင်လွှတ်တော် အတည်ပြု
DVB
·
May 9, 2019
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အေအေတို့ နှစ်ဖက်တိုက်ပွဲတွေကြား သံသယနဲ့ ဖမ်းဆီးသူတွေကို သက်ဆိုင်ရာအဖွဲ့က ဥပဒေနဲ့အညီသာ ဖမ်းဆီးစစ်ဆေးဖို့နဲ့ ရခိုင်ပြည်နယ်အစိုးရက အမြန်ဆုံးညွှန်ကြားပေးဖို့ တင်သွင်းတဲ့ အရေးကြီး အဆိုကို အတည်ပြုလိုက်ပါတယ်။
ပြည်နယ်အစိုးရကတဆင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံးညွန်ကြားပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မေလ ၉ ရက်နေ့ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်တာပါ။
အဲ့ဒီအဆိုကို ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က မေလ ၃ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး မေလ ၈ ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးခဲ့ကြသလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကလည်း အကြံပြုဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်နယ်အစိုးရအဖွဲ့က ဥပဒေနဲ့ညီ၊ မညီ လေ့လာသုံးသပ်ဆောင်ရွက်နေတဲ့ အတွက် အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက တင်ပြခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဒီကနေ့ အဆိုရှင်ရဲ့ သဘောထားကို မေးမြန်းတဲ့အခါမှာ အဆိုကို အတည်ပြုပေးဖို့ တောင်းဆိုတာကြောင့် လွှတ်တော်ရဲ့ဆန္ဒကို ရယူခဲ့ရပါတယ်။ လွှတ်တော်ရဲ့ ဆန္ဒကို ရယူတဲ့အခါမှာ ကန့်ကွက်သူမရှိတာကြောင့် အဆိုကို အတည်ပြုကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။
မေလ ၂ ရက်နေ့ တပ်မတော်က ဖမ်းဆီးပြီး ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက အသက် ၁၅ နှစ်နဲ့ ၅၀ ကြား အရပ်သား ၂၇၀ ကျော်ကို အေအေနဲ့ ဆက်စပ်ကြောင်း သံသယနဲ့ စစ်ဆေးနေစဉ်မှာတင် ပစ်ခတ်မှုဖြစ်ပွားလို့ ၆ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားပြီး စစ်ဆေးနေစဉ်ကာလအတွင်း ၃ ဦး သေဆုံးသွားတာကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်တွေနောက်ပိုင်း အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးစစ်ဆေးတဲ့အခါ ဥပဒေအရသာ စစ်ဆေးဆောင်ရွက်ဖို့ အဆိုတင်ခဲ့တာလည်းဖြစ်ပါတယ်။
သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို