လီဗာပူးအောင်ပွဲက စပါးအသင်းအတွက် စိတ်ဓာတ်မြှင့်တင်မှု ဖြစ်ခဲ့ဟု ဒန်နီရို့စ် ပြော

လီဗာပူးရဲ့ အံ့အားသင့်စရာ အောင်ပွဲက စပါးအသင်းအတွက် စိတ်ဓာတ်မြှင့်တင်မှု ဖြစ်စေခဲ့တယ်လို့ စပါးနောက်ခံလူ ဒန်နီရို့စ်က ပြောကြားလိုက်ပါတယ်။ စပါးအသင်းဟာ အေဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် ၃ ဂိုးဆက်တိုက် ပြန်သွင်းပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။ အဲဒီရလဒ်ဟာ ကစားသမားတွေရဲ့ ခြေစွမ်းအပြင်  လီဗာပူးအသင်းရဲ့ အောင်ပွဲကြောင့် စိတ်ဓာတ်မြှင့်တင်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်တယ်လို့ စပါးနောက်ခံလူ ဒန်နီရို့စ်က ပြောကြားလိုက်တာပါ။ အေဂျက်နဲ့ပွဲ မတိုင်ခင်မှာ လီဗာပူးက ဘာစီလိုနာကို အံ့အားသင့်ဖွယ်ရာ ရလဒ်အဖြစ် ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ရရှိစေတယ်လို့ ဒန်နီရို့စ်က ပွဲအပြီးမှာ ဆိုပါတယ်။ ဒုတိယပိုင်းမှာ အသင်းနည်းပြနဲ့ စကားအနည်းငယ် ပြောခဲ့ကြပြီး လီဗာပူးအသင်းလိုပဲ ကစားပြနိုင်ခဲ့တယ်လို့ ရို့စ်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိခြေစွမ်းနဲ့ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့လည်း ဒန်နီရို့စ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

More News
Up