ကျောက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ နေအိမ်အလုံး ၆၀ ခန့် ပျက်စီး
DVB
·
May 9, 2019
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ မေလ ၈ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၆၀ လောက်နဲ့ ရုံးအဆောက်အဦတခု အမိုးလန်ပျက်စီးခဲ့ တယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုက နေအိမ်တချို့နဲ့ ကျေးရွာတရွာရှိ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
မေလ ၈ ရက်နေ့ ကောက်ယူထားတဲ့ စာရင်းတွေအရ နေအိမ် ၄၇လုံးပျက်စီး၊ ၄၅ လုံး အမိုး လန်သွားပြီး တခြားအိမ် ၂ လုံးက သစ်ပင်ပိတယ်လို့ ကျောက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလှိုင်က ပြောပါတယ်။
“ဒီနေ့စာရင်းထပ်ကောက်တော့ ပျက်စီးစာရင်း ထပ်တိုး လာတယ်။ နောက်ထပ် ၁၃ အိမ်ထပ်တိုးလာတော့ စုစုပေါင်းအိမ်အလုံး ၆၀ နဲ့ ရုံးက ၁ရုံးပါ။ ရုံးကတော့ပြန်/ဆက်ရုံးပါ။ အခုလက်ရှိတော့ လဲတဲ့သစ်ပင်တွေကို ရှင်းလင်းနေတယ်။ ပျက်စီးသွားတဲ့ အိမ်နဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ပေးဖို့ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ စီစဉ်နေပါတယ်"
လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ကြီးမြို့ပေါ်ရှိ ပဲခူးရပ်ကွက်၊ သိန်တန်းရပ်ကွက်ရှိ နေအိမ်အချို့နဲ့ ကျောက်ခဲကြီးကျေးရွာရှိ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကာလတန်ဖိုး ကျပ် သိန်း ၁၀နီးပါး ပျက်စီးဆုံးရှုံးမှုရှိပြီး လူနဲ့ တိရစ္ဆာန်သေဆုံးထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)