အသိပညာများကို ပိတ်ဆို့ခဲ့ကြောင်း စာပေစိစစ်မှူးဟောင်း ၀န်ခံ
DVB
·
November 5, 2012
အရင် စာပေစိစစ်ရေးအဖွဲ့မှာ တာဝန်ယူစဉ်တုန်းက အသိပညာနဲ့ ပတ်သက်ပြီး ပိတ်ဆို့တာတွေ လုပ်ခဲ့ကြောင်း ယခင် စာပေစိစစ်ရေးမှူး လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဒု - ညွှန်ချုပ် ဦးတင့်ဆွေက မီဒီယာတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ဧရိယာမှာ ကျင်းပတဲ့ စာပေရေချမ်းစဉ် (Book Corner) ဖွင့်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
သူ့အနေနဲ့ စာပေစိစစ်ရေးမှာ ၈ နှစ်တာဝန်ယူခဲ့စဉ် တာဝန်အရ စာရေးဆရာတွေ၊ အယ်ဒီတာတွေ ရေးလာတာတွေကို ဖြတ်တာ၊ တောက်တာ၊ ဘန်းတာ အများကြီးလုပ်ခဲ့ကြောင်း၊ မူဝါဒ အရ လုပ်ခဲ့တာရှိသလို စိတ်ဆန္ဒအရ မှားယွင်းမှုတွေလည်း အများကြီးလုပ်ခဲ့ကြောင်း၊ ဒီအတွက် အားလုံးကို စိတ်ဒုက္ခ စိတ်သောက ပေးတာတွေ ရှိခဲ့ကြောင်း၊ ဒီအတွက် ပြည်သူတွေ အသိပညာရဖို့ လက်ရှိ (Book Corner) တွေ လိုက်လံ ဖွင့်လှစ်နေခြင်းဟာ အရင်လုပ်ခဲ့တာတွေကို ပြန်ပေးဆပ် တယ်လို့ ခံယူကြောင်း ရှင်းပြခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ (Book Corner) တွေကို လေဆိပ်၊ ဘူတာရုံနဲ့၊ တိုင်းနဲ့ ပြည်နယ်တွေက လူစည်ကားရာနေရာတွေမှာ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။