A d v e r t i s e m e n t With Us

ကလလတ အပစ်အခတ်ရပ်စဲခြင်း ၂၅ နှစ်ပြည့်အခမ်းအနား လွိုင်ကော်တွင် ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့နဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ၂၅ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို  လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်ရှိ ဗဟိုဌာနချုပ်မှာ ဒီကနေ့ ကျင်းပပါတယ်။ ဒီအခမ်းအနားမှာ ကယားပြည်နယ်အစိုးရအဖွဲ့က ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ် အစိုးရ၀န်ကြီးတွေ အပါအ၀င် အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကယားပြည်နယ်အတွင်းက တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ကြပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက “ကျနော်တို့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရှိတယ်။ ဒီအဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့ လူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ လိုလားတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေကို ဟန်ချက်ညီညီ စေတနာ မေတ္တာတွေ ခံယူချက်အပြည့်နဲ့ ပူးပေါင်းနိုင်မှသာ အောင်မြင်မယ်” လို့ ပြောပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးဟာ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး နောက်မှာ ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲမြို့နယ်မှာ စစ်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် ကျေးရွာ ၁၄ ရွာ ပြန်လည်စုစည်းပေးနိုင်ခဲ့တယ်လို့ ဒီကနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကလလတအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူပြီး ၂၀၀၉ ခုနှစ်မှာတော့ အစိုးရတပ်မတော်ရဲ့ တောင်းဆိုချက်နဲ့ နယ်ခြားစောင့်တပ်ရင်း ၂ ရင်းဖြစ်တဲ့ တပ်ရင်းအ မှတ် ၁၀၀၄ နဲ့ ၁၀၀၅ နှစ်ရင်းကို တည်ထောင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ကလလတ တပ်ဖွဲ့ဝင်တွေကို ဗဟိုကော်မတီအဆင့်၊ ခရိုင်အဆင့်မြို့နယ် အဆင့်နိုင်ငံအဆင့် စည်းရုံးရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းပြီး အစိုးရ၊ တပ်မတော်၊ ပြည်သူ လူထုနဲ့အတူ ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေကြောင်း ကလလတ ဥက္ကဋ္ဌ ဦးထွန်းကျော်က ပြောပါတယ်။ “အခုလက်ရှိက ကျနော်တို့ မြို့နယ်တပ်တို့၊ ခရိုင်တပ်တို့ နောက်စစ်ဦးစီးတပ်ပေါ့နော်။ ဒါကတော့ ဒေသန္တရတပ်အနေနဲ့ပေါ့။ ဟို နယ်ခြားစောင့်တပ်ကျကတော့ တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာပဲ ဖြစ်သွားပြီ။ လက်ရှိကျနော်တို့ မူလအဖွဲ့အစည်းအလည်း မပျက်ဘူး။ နယ်ခြားစောင့်တပ်ကလည်း ပုံစံတမျိုးပေါ့။ ကျနော်တို့ နယ်မြေဒေသအလိုက် ငြိမ်းချမ်းရေး အတွက် ရပ်တည်ပေးထားတာပေါ့နော်။” ဒါ့အပြင် လက်ရှိအချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် မတူ ကွဲပြားတဲ့အတွေးအခေါ် အယူအဆ စားပွဲဝိုင်းပေါ် ဆွေးနွေးအအဖြရှာဖို့လည်း အခမ်းအနားမှာ ဦးထွန်းကျော်က တိုက်တွန်းပါတယ်။ “ကျနော်တို့တွေအားလုံးဟာ အနာဂတ်သားသမီးမြေးမြစ်တွေအတွက် တန်ဖိုးရှိတဲ့ ငြိမ်းချမ်းရေးအမွေအနှစ်ကို ပေးထားခဲ့နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ မရရအောင် တည်ဆောက်ကြပါစို့။” ကလလတဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ပြီးခဲ့တဲ့ ၁၉၇၈ ခုနှစ်က ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ မေလမှာ နအဖအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up