တရုတ်နိုင်ငံမှာ မိန်းကလေးတဦးဟာ လက်တံနှာမောင်း ၈ ခုပါ ရေဘဝဲတကောင်ကို အရှင်လတ်လတ်စားဖို့ ကြိုးစားချိန်မှာ ရေဘဝဲက ပြန်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။
အဲဒီရေဘဝဲဟာ မိန်းကလေးရဲ့ မျက်နှာကို သူ့ရဲ့ လက်တံနှာမောင်းတွေနဲ့ ကုပ်ယူပြီး စုပ်ထားချိန်မှာတော့ မိန်းကလေးက နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေခဲ့ကာ ရေဘဝဲကို မျက်နှာပေါ်ကနေ ဆွဲဖယ်ဖို့ ကြိုးစားနေခဲ့တာ တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ရုပ်သံဗွီဒီယိုဖိုင် အတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Kuaishou အမည်ရတဲ့ လူမှုကွန်ရက် ပလက်ဖောင်းပေါ်မှာ 'seaside girl Little Seven' အမည်နဲ့ ဘလော့ဂ်ကနေ တင်ထားခဲ့တာ ဖြစ်ပါတယ်။
စက္ကန့် ၅၀ လောက်သာကြာတဲ့ ရုပ်သံဗွီဒီယိုဖိုင်ရဲ့ အစပိုင်း သူ့ရဲ့မျက်နှာကို ရေဘဝဲက စတင်ပြီး စုပ်ယူချိန်မှာတော့ သူက ကြောက်ရွံ့ဟန်မပြခဲ့ဘဲ ပရိသတ်တွေကို “ကြည့်စမ်းပါဦး။ သူစုပ်ဆွဲယူဖို့ ဘယ်လောက်ကြိုးစားရတယ်ဆိုတာ” လို့ ပြောခဲ့တာပါ။
အချိန်အနည်းငယ်အကြာ ရေဘဝဲကို သူ ခွာထုတ်မရတော့မှန်း သိလိုက်ချိန်မှာတော့ အော်ဟစ်ငိုကြွေးခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် ရေဘဝဲကို သူ့ရဲ့မျက်နှာပေါ်က အောင်အောင်မြင်မြင် ဆွဲခွာချနိုင်ခဲ့ချိန်မှာတော့ မိန်းကလေးရဲ့ပါးမှာ သွေးစို့ဒဏ်ရာ အနည်းငယ် ကျန်နေခဲ့တာကို တွေ့ရပါတယ်။
ဒီနောက်တော့ သူက မူလရည်ရွယ်ထားတာကို သတိရသွားပြီး ရေဘဝဲကို ကိုင်ထားလျက်သားနဲ့ “နောက်ဗွီဒီယိုမှာတော့ ငါစားပစ်မယ်” လို့ အော်ဟစ်ပြောဆိုလိုက်ပြီး “ငါ့မျက်နှာလေးတော့ ပျက်စီးပါပြီ” လို့ ငိုယို ပြောဆိုခဲ့တာပါ။
Kuaishou အကောင့်မှာ ဖော်ပြထားချက်အရ ဘလော့ဂ်ဂါမိန်းကလေးဟာ လီယန်ယွမ်းဂန်မြို့မှာ နေထိုင်သူဖြစ်ပြီး ပင်လယ်စာတွေစားရတာ နှစ်သက်သူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလိုပဲ သူဟာ ချက်ပြုတ်ထားတဲ့ ကျောက်ပုစွန် ပင်လယ်စာတွေကို စားသောက်ပြပြီး ရုပ်သံဗွီဒီယိုဖိုင် အတိုတွေ တင်လေ့ရှိပါတယ်။
ခုနောက်ဆုံးတင်လိုက်တဲ့ ရေဘဝဲအရှင်ကို စားသောက်ပြတဲ့ ရုပ်သံကတော့ လွဲမှားမှုနဲ့ နာမည်ကြီးနေခဲ့ပြီး ဝေဖန်မှတ်ချက်တွေလည်း များစွာ ရှိနေခဲ့တာပါ။
ဝေဖန်မှတ်ချက်ပေးသူတဦးကတော့ “သူက ရေဘဝဲကို စားဖို့ကြိုးစားတယ်။ ရေဘဝဲကလည်း သူ့ကို ပြန်စားဖို့ ကြိုးစားတယ်လေ” လို့ ရေးခဲ့တာပါ။
ဒီးခိုက်ထူအမည်နဲ့ အင်တာနက်အသုံးပြုသူ တဦးကတော့ “မျက်လုံးတလုံးအတွက် မျက်လုံးတလုံးချင်း၊ သွားတချောင်းအတွက် သွားတချောင်းချင်း” လို့ မှတ်ချက်ရေးထားတာကိုလည်း တွေ့ရပါတယ်။