ပြစ်မှုတခုတည်းကို ပုဒ်မနှစ်ခုဖြင့် တရားစွဲသည့်အပေါ် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဝေဖန်
ဇေယျာချမ်းအေး
·
May 9, 2019
ပြစ်မှုတခုတည်းကို ပုဒ်မနှစ်ခုနဲ့ တရားစွဲတဲ့အပေါ် တပ်မတော်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မေးခွန်းထုတ်လိုက်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံနေရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို မေလ ၉ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ တတိယ အကြိမ်ရုံးထုတ်ခဲ့ပါတယ်။
ရုံးချိန်းအပြီးမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးက "တပ်မတော်က ပြစ်မှုတခုတည်းကို ဘာကြောင့်ပုဒ်မ နှစ်ခုတပ်ပြီးတရားစွဲ ဆိုရတာလဲ။ ဥပဒေကို နားမလည်လို့လား။ သိသိကြီးနဲ့ တမင်လုပ်တာလား။" ဆိုပြီး တပ်မတော်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါ ခံစားနေရတဲ့အတွက် အာမခံပေးဖို့ တရားရုံးကို နောက်တကြိမ်ရုံးချိန်းမှာ ထပ်မံလျှောက်ထားမယ်လို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုတွေဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကိုယ်စားလှယ် တပ်မတော်သား အရာရှိ ၅ဦးကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ တပ်မတော်ကို ပြည်သူတွေ အထင်အမြင်လွဲအောင်စာသားတချို့ရေးခဲ့တယ်ဆိုပြီး မတ် ၂၉ရက်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ပြည်သူအထင်အမြင်လွဲ အောင်လှုံ့ဆော်မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။
ဒီပုဒ်မတွေဟာ အရင်စစ်အစိုးရလက်ထက် နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချရာမှာ အသုံးပြုလေ့ရှိတဲ့ ပုဒ်မတွေဖြစ်ပြီး ဒီပုဒ်မတွေနဲ့ တရားစွဲခံရရင် အာမခံရလေ့မရှိဘူးလို့ ဥပဒေသမားတွေကဆိုပါတယ်။
ဒီအမှု လေးကြိမ်မြောက် ရုံးချိန်းကိုတော့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။