ရွှေဘိုအကျဉ်းထောင် ဆူပူမှု မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ၊ လုံခြုံရေးအင်အား ထပ်ဖြည့်
Aung Ko Latt
·
May 9, 2019
မနေ့ညနေပိုင်းကတည်းက ဆူပူမှုဖြစ်နေတဲ့ ရွှေဘိုအကျဉ်းထောင်မှာ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး အကျဉ်းသားတွေကို လူစုခွဲနေတယ်လို့ အကျဉ်းထောင်ရှေ့ရောက်နေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
မွန်းလွဲ ၂ နာရီခွဲအချိန်ထိ အိပ်ဆောင် ၁၊ ၂၊ အမျိုးသမီးဆောင်က ဆန္ဒပြသူတွေ အိတ်ဆောင်ထဲဝင်ရောက်သွားလို့ သော့ခတ်ပြီး ငြိမ်နေပြီ ဖြစ်ပေမယ့် အိပ်ဆောင် ၃ ကတော့ ဆက်ပြီး ဆူပူ ဆန္ဒပြနေကြဆဲဖြစ်ကာ ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဆိုပါတယ်။
သတင်းထောက်တွေကိုတော့ လုံခြုံရေးအရ အကျဉ်းထောင်ထဲ ၀င်ခွင့်မပေးဘူးလို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ အကျဉ်းထောင်အတွင်း ၀င်ရောက်ကာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။ မွန်းလွဲ ၂ နာရီခွဲမှာလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ အကျဉ်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထောင်ထဲ ၀င်ရောက်သွားတယ်လို့ ဆိုပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက သူတို့ကိုလည်း တန်းတူ အခွင့်အရေးပေးပြီး ပြန်လွှတ်ပေးဖို့ ဆူပူ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
မနေ့ညနေပိုင်း အကျဉ်းသားတွေ ဆူပူမှုအတွင်း ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ဟန့်တားခဲ့လို့ အကျဉ်းသား ၄ ဦးသေဆုံးသွားပါတယ်။
လက်ရှိမှာ လုံခြုံရေးအင်အား ၁၀၀ လောက် ထပ်ဖြည့်ထားရပြီး စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။