လီဗာပူးကို ရှုံးခဲ့သည့်အတွက် ဘာစီလိုနာအသင်းဥက္ကဋ္ဌ စိတ်ပျက်

1.6K
လီဗာပူးကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့အပေါ် ဘာစီလိုနာအသင်း ဥက္ကဋ္ဌက စိတ်ပျက်စကား ဆိုသွားပါတယ်။
ဘာစီလိုနာအသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားရယူဖို့ ပစ်မှတ်ထားခဲ့တာပါ။
ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး အခြေအနေ ကောင်းခဲ့ပေမယ့် ဒုတိယအကျော့မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံမျှော်လင့်ချက် လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
အသင်းရဲ့ အံ့အားသင့်ဖွယ်ရာ ရှုံးနိမ့်ခဲ့တဲ့အပေါ် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူက စိတ်ပျက်စကား ဆိုသွားခဲ့ပြီး လက်ရှိအချိန်မှာ ဒီအရှုံးနဲ့ ပတ်သက်လို့ ရှင်းပြဖို့ ခက်ခဲတယ်လို့ ဆိုသွားခဲ့ပါတယ်။
"အားပေးတဲ့ ပရိသတ်တွေအတွက် အလွန်ပဲ စိတ်ပျက်ဝမ်းနည်းရပါတယ်။ အထူးသဖြင့် အန်ဖီးလ်ကွင်းအထိ လာပြီး အားပေးတဲ့သူတွေကိုပေါ့။ အဲဒီလိုအခြေအနေက ရောမမှာလည်း ကျနော်တို့ ဖြစ်ခဲ့ဖူးပြီး အခုချိန်မှာလည်း ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ လီဗာပူးအသင်းကို ဂုဏ်ပြုပါတယ်။ အခုလို စိတ်ပျက်စရာ အခြေအနေမှာ ဖြေရှင်းချက်တွေ မပြောချင်ပါဘူး။ ပုံမှန်ပြန်ဖြစ်လာဖို့အတွက် အချိန်လိုပါတယ်။ ရှုံးပွဲနဲ့ပတ်သက်ပြီး ရှင်းပြဖို့ အလွန်ခက်ခဲပါတယ်” လို့ အသင်းဥက္ကဋ္ဌ ဘာတိုမြူက မာကာသတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။