Home
ရုပျသံ
မြစ်ကြီးနားထောင်တွင် အကျဉ်းသားများ ဆူပူမှုဖြစ်ပွား (ရုပ်သံ)
DVB
·
May 9, 2019
ဒီမနက် ၄ နာရီဝန်းကျင်လောက်က အကျဉ်းသားတွေ အော်ဟစ်သံကို စတင်ကြားရတာလို့ မြစ်ကြီးနားအကျဉ်းထောင်အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။ “ထောင်ထဲက အော်နေတဲ့အသံတွေကတော့ မနက်လေးနာရီလောက်ကတည်းက ကြားနေရတာပဲ။ ငြိမ်သွားလိုက် ပြန်ဆူလာလိုက်ဖြစ်နေတာ”လို့ လယ်ကုန်းရပ်ကွက်နေ မစံပယ်က ပြောပါတယ်။ ထောင်ဝင်စာလာရောက်တွေ့တဲ့ အမျိုးသမီးတဦးကလည်း ထောင်ဝင်စာတွေ့ဖို့ မှတ်ပုံတင်ထပ်နေစဉ် အကျဉ်းထောင်ထဲက ဆူညံသံတွေကြားရပြီး ထောင်တံခါးပိတ်သွားတာလို့ ဆိုပါတယ်။ “ကျမရောက်တာ စောတယ်။ ၆ နာရီကျော်လောက်မှာ ရောက်တာ။ ထောင်ဝင်စာ လာတွေ့တာပါ။  ၇ နာရီလောက် မှတ်ပုံတင်ထပ်နေတုန်း အသံတွေကြားရပြီး ထောင်တံခါး ပိတ်သွားတာပဲ” လို့ ထောင်ဝင်စာလာရောက်တွေ့ဆုံတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ အကျဉ်းသားတွေ တန်းတူညီမျှအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုနေကြတာကို ထောင်ပြင်ပကနေ ကြားနေရပြီး အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေလည်း အပြင်မှာ ငိုယိုနေကြတာတွေ့ရပါတယ်။ မြစ်ကြီးနားထောင်အတွင်း အခြေအနေနဲ့ပတ်သက်ပြီး ထောင်တာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှု တစုံတရာမရှိသေးပေမယ့် အကျဉ်းသားတွေ ဆူပူ ဆန္ဒထုတ်ဖော်နေကြတာ ဟုတ်မှန်ကြောင်း ထောင်တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။ “ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် နည်းနည်းပါ”လို့  မြစ်ကြီးနားထောင် တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား ၂၃၀၀၀ကျောက်ကို ပြန်လွှတ်ပေးခဲ့ရာမှာ ပါမလာတဲ့သူတွေက အကျဉ်းသားအချင်းချင်း တန်းတူညီမျှ အခွင့်အရေးရရှိရေးအတွက် တောင်းဆိုကြနေကြတာပါ။ ရွှေဘိုထောင်၊ ကလေးထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေမှာလည်း အကျဉ်းသားတွေ ဆူပူမှု ဖြစ်ပွားနေပါတယ်။ သတင်း- လင်းဆက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024