ဂွါတီမာလာရှိ ပါဗွန်ထောင်တွင် ပစ်ခတ်မှုဖြစ်၊ လူ ၇ ဦးထက်မနည်း သေဆုံး

အလယ်အမေရိကနိုင်ငံ ဂွါတီမာလာရဲ့ မြို့တော် ဂွါတီမာလာစီးတီး မြို့နားက ပါဗွန်ထောင်မှာ မေလ ၇ ရက်က ပစ်ခတ်မှုဖြစ်ပြီး လူ ၇ ယောက်ထက်မနည်း သေဆုံးကာ ၁၇ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ထောင်ကိုလည်း အာဏာပိုင်တွေက ပြန်ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။ ထောင်သားတွေ အချင်းချင်း အော်ဟစ် ငြင်းခုန်ရာကနေ ထောင်ရဲ့တနေရာက သေနတ်သံ ထွက်လာခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အရာရှိတွေက စုဆောင်းနေဆဲလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။ မြို့တော်ကနေ ဆယ်မိုင်ဝေးတဲ့ ပါဗွန်ထောင်မှာ ထောင်သားအယောက် လေးထောင့်တရာကျော် ရှိတယ်လို့ တရားဝင် သတင်းအချက်လက်တွေက ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ကလည်း ဒီထောင်မှာပဲ အဓိကရုဏ်းဖြစ်ပြီး ထောင်သား ၁၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။

More News
Up