ရွှေဘိုအကျဉ်းထောင် ဆူပူမှုပြဿနာ ညှိနှိုင်းမရသေး

































1.7K
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ ရွှေဘိုအကျဉ်းထောင် အိပ်ဆောင်တွေ၊ အလုပ်ရုံနဲ့ အမျိုးသမီးဆောင်က အကျဉ်းသား ကိုယ်စားလှယ်တွေ တဖွဲ့စီ သီးသန့်တွေ့ဆုံ ညှိနှိုင်းနေပြီး ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။
ရွှေဘိုအကျဉ်းထောင်မှာ မနေ့ညက အကျဉ်းသားတွေက တန်းတူလွတ်ငြိမ်းခွင့်ရရှိရေး အတွက် ဆူပူတောင်းဆိုခဲ့ကြလို့ ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက် ဟန့်တားခဲ့ ရပြီး အကျဉ်းသား ၄ ဦးသေဆုံးသွားပါတယ်။
ဝန်ကြီးချုပ်က အကျဉ်းဆောင်တွေထဲက အလောင်း ၃ လောင်းအား အပြင်ထုတ်ပေးခဲ့ပြီး နာရေးကူညီမှုအသင်းက ရွှေဘိုဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန် တလောင်းကတော့ ညကတည်းက အပြင်သယ်ပြီးဖြစ်ပါတယ်။
အကျဉ်းသားတွေတင်ပြသမျှ နားထောင်ပြီး စာရေးတင်ဖို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပြီး လိုအပ်ရင် သမ္မတထိ လူကိုယ်တိုင်တွေ့ပြီး တင်ပြပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေက ဝန်ကြီးချုပ်နဲ့ သတင်းထောက်တွေကိုသာ ထောင်ထဲကို လာဖို့ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။
အကျဉ်းသားတွေက ပစ်ခတ်သူတွေကို ဥပဒေနဲ့အညီ စိစစ်ပေးဖို့နဲ့ ထောင်ထဲက ပစ္စည်းတွေ ဖျက်ဆီးခဲ့တဲ့အပေါ် အရေးမယူဖို့ တောင်းဆိုခဲ့ကြသလို သံပုံးတွေတီး နိုင်ငံတော်သီချင်းတွေ သီဆိုကာ တန်းတူအခွင့်အရေး ရရှိရေးအတွက် တောင်းဆိုနေကြပါတယ်။
လက်ရှိမှာတော့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ အကျဉ်းဦးစီးဌာနအပါအ၀င် လုံခြုံရေး ၂၀၀ လောက် ချထားတယ်လို့ အကျဉ်းထောင်ရှေ့ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။