ရွှေဘိုအကျဉ်းထောင်ဆူပူမှု ပစ်ခတ်နှိမ်နင်း၊ ၄ ဦးသေဆုံး (ရုပ်သံ)
Aung Ko Latt
·
May 9, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်မှာ မနေ့ညက အကျဉ်းသားတွေဆူပူမှု ဖြစ်ပွားခဲ့လို့ ထောင်အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ဟန့်တားခဲ့ရပြီး အကျဉ်းသား ၄ ဦးသေဆုံးသွားပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မပါတဲ့ အကျဉ်းသားတွေက သူတို့ကိုလည်း တန်းတူ အခွင့်အရေးပေးပြီး ပြန်လွှတ်ပေးဖို့ ဆူပူ တောင်းဆိုခဲ့ကြတာပါ။
ဒီနေ့မနက်မှာတော့ အကျဉ်းထောင်တာဝန်ရှိသူတွေ၊ ဆန္ဒပြသူတွေနဲ့လွှတ်တော်ကိုယ်စား လှယ်တွေ ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ အကျဉ်းဦးစီးဌာန ဒုညွှန်ချုပ် ဦးဇော်ထွန်း၊ ထောက်ပို့ ၂ တပ်က ကျောင်းအုပ်ကြီး ဒုမှူးကြီး ထွန်းတောက်၊ တိုင်ရဲမှူး၊ တိုင်းအကျဉ်းဦးစီးမှူး၊ တိုင်းမီးသတ်မှူး၊ နယ်လုံဝန်ကြီးတို့ အကျဉ်းသားကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
လက်ရှိအခြေအနေထိတော့ အကျဉ်းထောင်ထဲမှာ အော်ဟစ်တာမရှိပေမယ့် ပြေလည်မှုတော့ မရရှိသေးပါဘူး။
ရွှေဘိုထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဗွီဒီယိုဖိုင်တွေမှာတော့ အကျဉ်းသားတွေဟာ အိပ်ဆောင်တွေကနေ ထွက်လာပြီး သံပုံးတွေတီး အော်ဟစ်နေတာတွေကို တွေ့ရပါတယ်။
ဧပြီ ၂၂ ရက်ကလည်း ရွှေဘိုအကျဥ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရေး ဆူပူတောင်းဆိုမှုတွေ ဖြစ်ပွားခဲ့လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် သွားရောက် ညှိနှိုင်းပေးခဲ့ရပါတယ်။
အလားတူ ကလေးအကျဉ်းထောင်နဲ့ ဘားအံ့အကျဉ်းထောင်တွေမှာလည်း မနေ့က အကျဉ်းသားတွေဆူပူမှုဖြစ်ပွားခဲ့ပါတယ်။