Home
မြန်မာသတင်း
Biman အဲလိုင်းလေယာဉ်မတော်တဆမှု ဒဏ်ရာရသူများကို အာယုအထူးကုဆေးရုံသို့ ပြောင်းရွှေ့
DVB
·
May 9, 2019
Biman အဲလိုင်း လေယာဉ်မတော်တဆမှုမှာ ဒဏ်ရာရရှိသွားတဲ့ ခရီးသည် ၁၇ ဦးနဲ့ လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၁၉ ဦးကို ရန်ကုန်ဆေးရုံကြီးမှာ ကုသပေးနေရာကနေ တာမွေမြို့နယ်ရှိ  အာယု အထူးကုဆေးရုံသို့ ပြောင်းရွှေ့ကုသပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ပိုင် Biman လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ခရီးစဉ်အမှတ်  BG- 060၊ လေယာဉ်အမျိုးအစား DHC-8 Dash 8 ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Hazrat Shahjalal လေဆိပ်ကနေ ရန်ကုန်မြို့ကို ပျံသန်းလာစဉ် မနေ့ည ၆ နာရီ ၅၂ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင်း မိုးလေသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဆိပ် Cargo Terminal အနီးမှာ ပြေးလမ်းချော်သွားပြီး လေယာဉ် ထိခိုက်ပျက်စီးသွားခဲ့တာပါ။ လေယာဉ်ပေါ်မှာ ကလေးငယ် ၁ ဦး အပါအဝင် ခရီးသည် ၂၉ ဦး၊ လေယာဉ်မှူး ၂ ဦး၊ လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာတဲ့အထဲက ခရီးသည် ၁၇ ဦးနဲ့ လေယာဉ်မှူး ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ မြောက်ဥက္ကလာပဆေးရုံကို အရင်ဆုံး ပို့ဆောင်ကုသပေးခဲ့ပါတယ်။ ဒဏ်ရာသိပ်မပြင်းထန်တဲ့ တခြားခရီးသည် ၁၁ ဦးကိုလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆေးခန်းမှာ ပြုစု ကုသပေးခဲ့ရပါတယ်။ ဒီနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တာဝန်ရှိသူတွေ မြောက်ဥက္ကလာပ ဆေးရုံကို ရောက်လာပြီးနောက် လူနာတွေကို ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့တဲ့ အတွက် ညတွင်းချင်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဒီကနေ့ မေလ ၉ ရက် မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာတော့ ရန်ကုန်ဆေးရုံကြီးကနေ တဆင့် အာယုအထူးကုဆေးရုံသို့ ဒဏ်ရာရလူနာတွေကို ထပ်မံပြောင်းရွှေ့ ကုသပေးနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က ခရီးသည်တွေနဲ့ လေယာဉ်မှူးတွေ အခုထက် ပိုမိုကောင်းမွန်တဲ့ ဆေးဝါးကုသမှု ရရှိစေဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ကြီးတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အာယု အထူးကုဆေးရုံကြီးသို့ ရွှေ့ပြောင်း ဆေးဝါးကုသဖို့ လမ်းညွှန်ခဲ့တာလို့ ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ အဲဒီ လေယာဉ်မတော်တဆမှုကြောင့် ရန်ကုန်လေဆိပ်မှာ လေယာဉ်ပြေးလမ်းကို ယာယီ ပိတ်ထားခဲ့ရသလို တခြားလေယာဉ် အတက်အဆင်းတွေပါ နှောင့်နှေး ကြန့်ကြာခဲ့ရပါတယ်။  ည ၉ နာရီကျော်လောက်မှာတော့ လေယာဉ်ပြေးလမ်းကို ပုံမှန် ပြန်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တခြား လေယာဉ်စီးမယ့် ခရီးသည်တွေအနေနဲ့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ဆက်သွယ်ပြီး စီးနင်းလိုက်ပါမယ့် လေကြောင်းခရီးစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရ သတင်းအချက်တွေကို စုံစမ်းမေးမြန်းကြဖို့လည်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားပါတယ်။ ဓာတ်ပုံ- Yangon Region Government
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024