တပ်မတော်လုံခြုံရေးတပ်ဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းဆွဲတိုက်ခံခိုက်ရ
DVB
·
May 8, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမ မှာ ဒီမနက် ၈ နာရီဝန်းကျင်က နယ်မြေရှင်းလင်းရေးနဲ့ လမ်းလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မတော်ဘက်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာ မှန်ကန်တယ်လို့ အတည်ပြုပြောမယ့် ထိခိုက်ဒဏ်ရာတာ မရှိခဲ့ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“မှန်ပါတယ်ခင်ဗျ။ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ကို ဆွဲမိုင်း ဆွဲခံရတာပေါ့။ ဘာမှ တော့ ဖြစ်မသွားပါဘူး။ လမ်းလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ အချိန်မှာ စစ်ကြောင်းချီတက်နေတဲ့ အချိန်မှာ ဆွဲမိုင်းဆွဲခံရတာ။ မနက် ၈ နာရီလောက်ကပေါ့။”
မျက်မြင် ဒေသခံတွေကတော့ အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ တပ်မတော်သားအချို့ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
“စစ်သား ၄၊ ၅ ယောက်တော့ ဒဏ်ရာနဲ့လဲလို့ ကျန်တဲ့သူတွေကတော့ တောင်ခြေရင်းမှာ စုပြီး ဝိုင်းကြည့်နေကြတယ်။ သရက်ချိုအလွန်က တောင်ခြေရင်းမှာပါ့။ မြင်ရတယ်။ ခုနားက သရက်ချိုကို လှမ်းပစ်တယ်တဲ့။ လှမ်းပစ်လို့ ရွာသားတွေ အပြင်မထွက်ရဲဘဲ တံခါးတွေပိတ်လို့ အကုန်တိတ်နေကြတယ်” လို့ မျက်မြင်ကားသမားတဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (အေအေ)ကို ဆက်သွယ်မေးမြန်းရာ မှာတော့ ဒီသတင်းကို မရရှိသေးတာကြောင့် သူတို့အတည်ပြုမေးမြန်းပြီးမှသာ ပြန်လည်ဖြေကြား နိုင်မယ်လို့ ဆိုပါတယ်။
လတ်တလော သရက်ချိုကျေးရွာဘက်ကို ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ရွာသားတွေ အနေနဲ့ အိမ်ပြင်မထွက်ရဲကြဘဲ နေအိမ်တွင်း ပုန်းအောင်နေကြရတယ်လို့လည်း အနီးအနား ကျေးရွာသားတွေက ပြောပါတယ်။
သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို